ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

စစ်တွေ ဒီဇင်ဘာ ၅

နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်နတ်တော်လပြည့်၊ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် (တနင်္ဂနွေနေ့) သည် နှစ် (၅၀) ပြည့်မြောက်သော ရွှေရတုအခမ်းအနားဖြစ်သည်နှင့်အညီ ဖွဲ့စည်းပေးထားသည့် ကော်မတီများအနေဖြင့် ကဏ္ဍာအသီးသီးကို ပြင်ဆင်နေကြပြီး ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိ အောင်မြင်အောင် ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာကဏ္ဍများတွင် စွမ်းစွမ်းတမံထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများကို ဂုဏ်ပြုထူးချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ချီးမြှင့်နိုင်ရေး ပဏာမစစ်ဆေးရေး ကော်မတီအစည်းအဝေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ အစည်းအဝေးများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအသီးသီးမှလည်း ဆောင်ရွက်ထားမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဆွေးနွေးပေးကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်နေ့မတိုင်မီ ကျင်းပမည့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အထိမ်းအမှတ်ပွဲများ ကျင်းပမည်ဖြစ်သည့်အတွက်  လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ပြည်နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရုံးများသို့သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံကြရာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအခြေအနေအရ မြေပြင်ကွင်းဆင်းကာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ဝန်ထမ်းများအချင်းချင်း စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ၊ လက်တွေ့ဆောင်ရွက်ခြင်းများ၊ အတွေ့အကြုံများ နှီးနှောဖလှယ်ခြင်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး နှင့်မွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြသည့် ပြည်နယ်ဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များ များစွာလိုအပ်ကြောင်း၊ ထို့ကြောင့် ဌာနအတွင်းရှိ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက ဌာနတွင်းရှိ ဝန်ထမ်းများကို မိမိတို့အတွေ့အကြုံများကို မျှဝေပေးကြစေလိုကြောင်း၊ အလားတူ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် ရုံးစာရွက်စာတမ်းများလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရုံးလုပ်ငန်း များကိုလည်း ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများ သက်သာရှောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်ချက်များရှိပါကလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းဝန်ထမ်းများက မိမိတို့၏ရုံးလုပ်ငန်းများအား လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရုံးအတွင်း ဟင်းသီးဟင်းရွက်များနှင့် သီးနှံပင်များ စိုက်ပျိုးထားရှိမှုနှင့် ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)