မိုင်းနောင်မြို့တွင် ကလေးများကျန်းမာသန်စွမ်း၍ ဉာဏ်ရည်များဖွံ့ဖြိုးစေရန် လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းဆောင်ရွက်

မိုင်းနောင် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကလေးငယ်များ ကျန်းးမာသန်စွမ်း၍ဉာဏ်ရည်ဖွံ့ဖြိုးစေရန် လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

မိုင်းနောင်တိုက်နယ် ကျန်းမာရေးဌာနမှတာဝန်ခံဆရာမ ဒေါ်နန်းမေထားနှင့် ကျန်းမာရေးဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့်တပ်ရင်း၊ တပ်ဖွဲ့များမှ ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြားရောဂါများရှိ/မရှိစစ်ဆေးပေးခြင်း၊ အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးများ၊ ပိုလီယိုရောဂါကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ရေး၊ ခန္ဓာကိုယ်သန်စွမ်းဖွံ့ဖြိုးရေး၊ ဉာဏ်ရည်ကောင်းမွန်သော ကလေးငယ်များဖြစ်လာစေရေးအတွက် ကလေးငယ်(၉၈)ဦးအား ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ထိုးနှံပေးခြင်းများဆောင်ရွက်ပေးကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)