ကျိုက်ထို ဒီဇင်ဘာ ၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းအခြေပြု၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)နှင့် ဆုံဆို့၊ မေးခိုင်(DT)ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးမှကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်း ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ(HPV)ကာကွယ်ဆေးကိုလည်းကောင်း၊ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသားများအား ဆုံဆို့၊ မေးခိုင်(DT) ကာကွယ်ဆေးတို့ကို ထိုးနှံပေးခဲ့သည်။ ယနေ့တွင် (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအား လာရောက်ထိုးနှံသူ ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးရှိပြီး (DT)ဆုံဆို့မေးခိုင်ကာကွယ်ဆေးလာရောက်ထိုးနှံသူမှာ(၂၈၀)ဦးရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၁၂ ရက်နေ့ထိ အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းသား(၃၁၄၂)ဦးနှင့် ကျောင်းသူ(၁၃၉၈)ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝင်းမောင်(ကျိုက်ထို)