မော်လမြိုင် ဒီဇင်ဘာ ၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်ကဆောင်ရွက်ပြီး Grade-7၊ Grade-10နှင့် Grade-11 ကျောင်းသားကျောင်းသူ ခြောက်ဦးတို့က လူငယ်နှင့်လူမှုမီဒီယာ၊ လူငယ်နှင့်စာအုပ်စာပေ၊ လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့် ကျန်းမာကြံခိုင်ရေးစသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြရာ ဦးဆာင်ဆွေးနွေးသူက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ဖြေကြားပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက စကားဝိုင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)