ကျိုက်မရောမြို့ သိမ်ဖြူကုန်းကျေးရွာ ပညာဗိမာန်စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲကျင်းပ

ကျိုက်မရော ဒီဇင်ဘာ ၄

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသား လူငယ်များ စာအုပ်၊ စာပေများကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်စေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သိမ်ဖြူကုန်းကျေးရွာ(ပညာဗိမာန်)စာကြည့်တိုက် အဆောက်အအုံသစ် ရှေ့၌ ကျင်းပသည်။

ဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်ကို ကျိုက်မရောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးနှင့် သိမ်ဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးခိုင်တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ပြုပြင်မွမ်းမံရန်နှင့် ပရိဘောဂအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့်သုတ၊ ရသစာအုပ်များ ဖြည့်ဆည်းပေးခြင်းတို့အတွက် နိုင်ငံတော်မှ ငွေကျပ် သိန်း ၅၀၊ ကျေးရွာပြည်သူများမှ ငွေကျပ်(၁၇)သိန်းဖြင့် ပြုပြင်မွမ်းမံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုဖွင့်လှစ်ပေးသော စာကြည့်တိုက်အား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ စာအုပ်၊ စာစောင်များကို စေတနာရှင်အလှူရှင်များက လှူဒါ န်းပေးရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးစိုးခိုင်က လက်ခံရယူခဲ့သည်။

စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)