မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၄

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မွန်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦး‌‌အောင်ကြည်သိန်းးက ကမ္ဘာပေါ်ရှိလူသားများအနက်မသန်စွမ်းသူများကို စာနာထောက်ထားရေး၊ စိတ်ဓာတ်မြှင့်တင်ရေး၊ ဂုဏ်သိက္ခာမြှင့်တင်ပေးရေးဟူသော ရည်ရွယ်ချက်များဖြင့် ၁၉၉၃ ခုနှစ်၊ (၄၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်ချမှတ်ကာ နှစ်စဉ် ဒီဇင်ဘာလ (၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ်မှာကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးကသတ်မှတ်ပေးတဲ့ ဆောင်ပုဒ်ကတော့“ အနာဂတ်မှာအားလုံးရေရှည် တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေး” ဆိုတာဘဲဖြစ်ကြောင်း၊ ဒါကြောင့်မို့ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးမှာ ကူညီနိုင်သူ၊ အင်အားရှိသူတွေဟာမျက်ကွယ်ပြု လျစ်လျူရှုမနေပဲ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝ ရရှိအောင်ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်း၊ မသန်စွမ်းသူများကို လူ့အသိုင်းအဝိုင်းထဲမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ သာမန်လူများကဲ့သို့ အများနည်းတူ တန်းတူအခွင့်အရေး ရရှိနိုင်ရေး၊ လူ့အဖွဲ့အစည်းလှုပ်ရှားမှုတိုင်းမှာ ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဦးဆောင် နိုင်စွမ်းတွေရှိရန်အတွက် ပံ့ပိုးကူညီပေးဖို့ကိုလူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူသားတိုင်းမှာတာဝန်ရှိကြောင်း၊ ပြည်သူလူထုအနေနဲ့လည်း မသန်စွမ်းသူများအပေါ် ထားရှိတဲ့ အပြုသဘော မဆောင်တဲ့ သဘောထားအမြင်တွေကို ဖယ်ရှားပြီးရှုထောင့်သစ်၊ အမြင်သစ်တွေနဲ့ မသန်စွမ်းသူများအပေါ် နားလည်လက်ခံပေးနိုင်ဖို့ အရေးကြီးကြောင်း၊ဒါကြောင့်ပြည်သူများအနေနဲ့ မသန်စွမ်းမှုကို အကြောင်းပြု၍ မသန်စွမ်းသူများကို ခွဲခြားဆက်ဆံခြင်းမပြုကြရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့်စွမ်းဆောင်နိုင်မှုများကိုအလေးထား အသိအမှတ်ပြုပေးကြကာ စိတ်ပိုင်းဆိုင်ရာ သာမက ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာကြံ့ခိုင်လာပြီးမသန်သော်လည်း စွမ်းသူများအဖြစ် ရောက်ရှိအောင် ကူညီဖေးမသွားကြရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင် (Barrier Free)ကို Main Streaming အနေဖြင့် ကဏ္ဍတိုင်းမှာထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးကြဖို့နဲ့ မသန်စွမ်းမှုကို အကြောင်းပြုပြီး ချန်လှပ်ထားခဲ့ခြင်းမရှိစေဘဲ မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး Leaving No one behind မူကို လက်ကိုင်ထားပြီးယခုနှစ်ရဲ့ဆောင်ပုဒ်နဲ့အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Message ကိုလည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆောင်ရွက်ချက်မှတ်တမ်း Video ပြသခြင်းအားလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်နယ်အတွင်းရှိ အာရှအားကစားပြိုင်ပွဲ၊ အာဆီယံအားကစားပြိုင်ပွဲ၊အာရှ ပစိဖိတ် Sea Game များတွင် ထူးချွန်မသန်စွမ်းအားကစား သမားများအား ဂုဏ်ပြုဆုများအား ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အကြို အားကစားပြိုင်ပွဲတွင်အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိသောမသန်စွမ်းအားကစားသမားများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ဂုဏ်ပြုဆုငွေများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှငတာဝန်ရှိသူများက မသန်စွမ်းသူများ၏ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကိုကြည့်ရှုအားပေး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာခန်းမအတွင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်ပြခန်းများအားလှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)