ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ပျော်ဘွယ် ဒီဇင်ဘာ ၄

ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း(အရှေ့လျှော်ဖြူကုန်း)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်ဆောင်ရန်၊ ရှောင်ရန်များနှင့် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးသတ်ဆေးဘူးသုံးစွဲပြီး အလျှင်အမြန် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးသုံးစွဲပုံ နည်းစနစ်များကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသပြီး အခြေခံပညာကျောင်းသား/ကျောင်းသူများက မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခဲ့ကြောင်း၊ အလားတူအမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း (ရွှေညောင်ဖူး)နှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်းတို့တွင်လည်း အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)