မဟာအောင်မြေ ဒီဇင်ဘာ ၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက မန္တလေးမြို့ Art Centreသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် ဆက်လက်ဆောင်ရွက်မည့်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်ရေးကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည်ဖြစ်သော်လည်း ယခုဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့် အခြေခံလိုအပ်ချက်များ ဆက်လက်တည်ဆောက်ရေးကိစ္စများကိုလည်း ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး နေ့လည်ပိုင်းတွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးဦးစီးဌာန မန္တလေးပုံနှိပ်စက်ရုံသို့ဝင်ရောက်ပြီး ကျောင်းသုံးစာအုပ်များ၊ ပုံနှိပ်ထုတ်လုပ်မှုစက်များ၊ ပြုပြင်ကြံ့ခိုင်ရေးပြုပြင်နေမှု၊ ပစ္စည်းများသိုလှောင်ထားရှိမှုနှင့်အဆောက်အအုံများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးနှင့် မန္တလေးမြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက်ဌာနများမှ တာဝန်ခံအရာရှိများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ စစ်ကိုင်းဇုန်နယ်မှူးတို့အားတွေ့ဆုံ၍ လုံခြုံရေးကိစ္စများနှင့် လုပ်ငန်းဆိုင်ရာကိစ္စများ၊ သန့်ရှင်းရေးနှင့်မီးဘေးအန္တရာယ်ကာကွယ်ရေးတို့အတွက် လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း