ပြင်ဦးလွင်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးယုလီက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်၀ါ၀ါလွင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အ‌လေ့အထများ၊ အလေ့အကျင့်‌ကောင်းများရရှိစေရန်နှင့် နှလုံးသား လှပသောလူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အထက (၄)မှ ကျောင်းသားကျောင်းသူများ ဖြစ်ကြသည့် Grade - 10 မှ မမြယွန်းသစ္စာက “လူငယ်နှင့် အောင်မြင်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှမအိန္ဒြေသိန်းက “လူငယ်နှင့်တာဝန်သိမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 မှ မောင်မျိုးချစ်က “လူငယ်နှင့် စူးစမ်းစိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာကိုရွှေအောင်သင်းနှင့် ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်ဒုဥက္ကဋ္ဌ ဒေါ်အေဇင်မေတို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြ​သည်။

ထို့နောက် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှစ်(၁၀၀)ပြည့်ပွဲတော်အထိမ်းအမှတ် ထက်၊လယ်ဆင့်စာစီစာကုံးပြိုင်ပွဲ၊ ထက်၊ လယ်ဆင့် ကဗျာရေးစပ်ပြိုင်ပွဲ၊ထက်၊ လယ်ဆင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သည့်အ-ထ-က(၄)မှ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးအား စာရေးဆရာကိုရွှေအောင်သင်းက အမှတ်တရလက်ဆောင်စာအုပ်များပေးအပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အ-ထ-က(၄)မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး(ခရိုင်ပြန်/ဆက်)