ပြင်ဦးလွင်မြို့ အ.ထ.က (၂) တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်း ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာအောင်သင်း ရေးသားသည့် “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်မျိုးသူက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာလွင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတကြွယ်၀၍ ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာအောင်သင်း ရေးသားသည့် “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အ.ထ.က (၂) မှ ကျောင်းသား ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်ဒုဥက္ကဋ္ဌ ဒေါ်အေဇင်မေတို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ အ.ထ.က-၂မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး(ခရိုင်ပြန်/ဆက်)