ပြည်ကြီးတံခွန် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ အဆိုပါမြို့နယ်ရှိ အ.ထ.က (၂၇)ကျောင်း၊ အောင်တံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းကို တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါက်တာ အောင်သက်ဆွေနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းထွန်းတို့က အနီးကပ်ကြီးကြပ်၍ အ.ထ.က(ခွဲ)လ-၅ကျောင်း အုပ်ဆရာမကြီးဒေါ်ညွန့်ညွန့်တင်က ကြီးကြပ်ရေးမှူးအဖြစ်ဆောင်ရွက်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အထက်တန်း အဆင့်ရှိ ကျောင်းသား/ကျောင်းသူ (၈၇)ဦး ဝင်ရောက်ဖြေဆိုကြသည်။
ထို့နောက် နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်စစ်ဆေး၍ မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်စစ်ဆေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့များတွင် အထွေထွေ ဗဟုသုတ၊ လူတွေ့နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများကို နံနက်ပိုင်း၊ နေ့လယ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်ဖြစ်ရာ ရွေးချယ်ခံရသည့် ကျောင်းသား(၁)ဦး၊ ကျောင်းသူ (၁)ဦးတို့အား ခရိုင်အဆင့်လူရည် ချွန်ရွေးချယ်ပွဲတွင် ဆက်လက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)