ဘီးလင်း ဒီဇင်ဘာ ၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက်ပိုင်းက အ.မ.ကအင်းဝိုင်းကုန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့အတွက် နယ်လှည့်အသိပညာပေး လုပ်ငန်းများလာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များစသည့် ကလေးစာပေများကို ဖတ်ရှုစေခဲ့သည်။ အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ကွမ်းတံထွေးထွေးမှုများ ကျဆင်းပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)