ဇေယျာသီရိ ဒီဇင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်(တောင်/မြောက်) ကျေးရွာများသို့ သွားရောက်၍ ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးအကြံပေးခြင်း၊ အရေးပေါ်မီးသတ် တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဖိုအသုံးပြုသည့် နေအိမ်များနှင့် အခြားမီးသုံးစွဲသည့် နေအိမ်များအား မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရမည့် နည်းလမ်းများကို ကျေးရွာအတွင်း လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)