မုဒုံမြို့၌ ဆောင်းသီးနှံ (နေကြာ)စီမံကိန်းပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းသရုပ်ပြပွဲပြုလုပ်

မုဒုံ   ဒီဇင်ဘာ   ၃

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စီမံကိန်းပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့မှ တောင်သူများနှင့် ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခြင်း၊ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်တလုံးကျေးရွာ ကွင်းအမှတ်(၈၂၈)ရှိ ဘုရားကျောင်းကွင်း၌ ပြုလုပ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြင့်နှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များက ဆောင်းသီးနှံ နေကြာ၊ နှမ်း၊ မြေပဲတို့ကို တောင်သူများ၊ စိုက်ပျိုးရေးဝန်ထမ်းများမှ မျိုးစေ့ချခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးမှုစီမံကိန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နေကြာမျိုးကောင်း၊ မျိုးသန့်များ ပံ့ပိုးပေးခြင်း၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ ဒေသနှင့်ကိုက်ညီသောမျိုးများရွေးချယ်ပေးခြင်း၊ ပိုးမွှား ရောဂါကာကွယ်နှိမ်နင်းရေး၊ သွင်းအားစုမြေသြဇာများသက်သာသည့် စျေးနှုန်းဖြင့် ဖြန့်ဖြူးပေးခြင်းနှင့် စနစ်တကျထည့်သွင်းအသုံးအပြုနိုင်ရေးနည်းပညာများကို ဒေသခံတောင်သူများထံ ဖြန့်ဝေပေးလျက်ရှိပြီး  မြို့နယ်အတွင်း နေကြာ(၁၅၀၀) ဧက၊ မြေပဲ ကိုးဧက၊ နှမ်း ခြောက်ဧကကို စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)