မူးယစ်‌ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးတွင် World AIDS Day အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

တာမွေ ဒီဇင်ဘာ ၃

မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှကြီးမှူး၍ World AIDS Day အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရန်ကုန်မြို့ရှိ မူးယစ်‌ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်စုဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ ကျောင်းသားလူငယ်ထုဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင်လူရွှင်တော် ဉီးချစ်ချောကမူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်‌ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို အတွင်းရေးမှူးဒေါ်ခင်ခင်ဝင်းက HIV/AIDS ရောဂါအကြောင်း ဟောပြောဆွေးနွေးခဲ့ကြသည်။ “ဉီးချစ်အနေနဲ့ကတော့ World AIDS Dayနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ကျန်းမာရေး ပညာပေး မျှဝေပေး မှာဖြစ်ပါတယ်။ AIDS ရောဂါနဲ့ပတ်သက်ပြီး သတိအသိလေးတွေပေးမှာဖြစ်ပါတယ်။ World AIDS Day ဆိုတာကို လူတိုင်းက သိကြတယ်၊။ ထိုနည်းလည်းကောင်းပဲ AIDS ရောဂါဆိုတာကိုလည်း လူတိုင်းက သိကြပေမယ့် သူတို့အနေနဲ့က ဒီရောဂါကို ကြောက်ရကောင်းမှန်းမသိကြတော့ဘူး၊ ဂရုစိုက်ရကောင်းမှန်းမသိကြတော့ဘူး။ လူတွေက ကိုဗစ်ရောဂါလို ဖြစ်လာရင် အသေအပျောက်များတဲ့ ရောဂါတွေကို ကြောက်လန့်ကြတယ်။ AIDS ရောဂါကို သိပ်ဂရုမစိုက်ဘဲ ပေါ့ပေါ့လျော့လျော့ နေလာကြတာများတယ်။ အဲဒါကို ပေါ့ပေါ့လျော့လျော့ မနေကြဖို့ အတွက် အသိသတိပေးတဲ့ သဘောပါ။ ”ဟု ဟာသသရုပ်ဆောင်လူရွင်တော် ဉီးချစ်ချောက ပြောသည်။ ဆက်လက်၍ အတွင်းရေးမှူးဒေါ်ခင်ခင်ဝင်းကလည်း “ဒီနေ့ ပွဲလေးက ဒီဇင်ဘာ ၁ရက်မှာ ကျရောက်တဲ့ World AIDS Day အထိမ်းအမှတ် ကျင်းပဖြစ်တဲ့ ပွဲလေးပါ။ အရင်တုန်းကတော့ အန်တီတို့ အသင်းအနေနဲ့ နှစ်စဉ်ကျောင်းတွေမှာ လိုက်လံဟောပြောလေ့ရှိတယ်။ ဒီနှစ်လည်း ဟောပြောဖို့ စီစဉ်ထားတာရှိတယ်။ အခုလောလောဆယ်မှာ အန်တီတို့ သင်တန်းကျောင်းက ရှိနေတဲ့ ကလေးတွေကို HIV/AIDS ရောဂါနဲ့ပတ်သက်တာတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေအနေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ HIVပိုးကြောင့် AIDS ရောဂါဖြစ်ပေါ်လာနိုင်ချေရှိတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် World AIDS Day အကြောင်း သိကောင်းစရာ အကြောင်းများနှင့်အတူ HIV ၊ AIDS ရောဂါများနှင့်စပ်လျဉ်း၍ သိကောင်းစရာအကြောင်းများကို ဟောပြောခဲ့ကြရာ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို မေတ္တာစံအိမ်တွင် ပြန်လည်ထူထောင်မှုခံယူနေသည့် သင်တန်းသားများတက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ထက်အောင်လင်း(ပြန်/ဆက်)