ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားတက်ရောက်

စစ်တွေ    ဒီဇင်ဘာ  ၃

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ မသန်စွမ်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်းမြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး စဉ်းရုံးလှုံ့ဆော်ရန်အတွက် ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ်သတ်မှတ်ပြီး ကုလသမဂ္ဂကဦးဆောင်ကာ ကမ္ဘာတစ်ဝန်းနှစ်စဉ်ကျင်းပလျက်ရှိ ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသော ဦးတည်ဆောင်ပုဒ်မှာ Amplifying the Leadership of persons with disabilities for and inclusive and sustainable future ဖြစ်ပြီး အနာဂတ်မှာ အားလုံးရေရှည် တည်တံ့ရေးမသန်စွမ်းသူများ ခေါင်ဆောင်နိုင်မှု မြှင့်တင်ပေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ အာဆီယံမဟာဗျူဟာ(၅)နှစ်စီမံကိန်းကို ပြဌာန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊  မဟာဗျူဟာ(၅)နှစ်စီမံကိန်းတွင် မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့်အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူလက်လှမ်းမီရယူ အသုံးပြုနိုင်မှု စသည့် ကဏ္ဍစုံပါရှိကြောင်း၊ ထို့ကြောင့် မဟာဗျူဟာ(၅)နှစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ Sustainable Development Goals ကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မသန်စွမ်းမှုကို အကြောင်းပြုပြီးချန်လှပ်ထားခဲ့ခြင်းမရှိစေဘဲ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး( Leaving no one Behind)မူကို လက်ကိုင်ထားပြီး မသန်စွမ်းသူများ၏အခွင့်အရေးများကို မသန်စွမ်းသူများနှင့်အတူပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ဗီဒီယိုအားပြသသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာကြသည့် မသန်စွမ်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြရာ မသန်စွမ်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအား ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)