နတ်မောက်မြို့နယ်တွင် ဝါစိုက်တောင်သူများ ချည်မျှင်ရှည်ဝါများ စတင်ကောက်ယူရောင်းချ

နတ်မောက် ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တောင်သူများသည် စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည့် ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးခဲ့ရာ ယခုအခါ ဝါစိုက်တောင်သူများ ဝါများစတင်ကောက်ယူ ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ကျေးရွာများတွင် ချည်မျှင်ရှည်ဝါသီးနှံများကို ဩဂုတ်ဒုတိယပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ရက်ပေါင်း (၉၀) ခန့်တွင် ဝါပွင့်များပေါက်လာ၍ တောင်သူများက ဆွတ်ခူးကာ ဝါအဝယ်ဆိုင်များ၊ ပွဲရုံများသို့ ရောင်းချနေကြကြောင်း၊ ယခုနှစ် ဝါသီးနှံပေါ်ချိန် အောက်တိုဘာလ တတိယပတ်တွင် ဝါစတင်ဝယ်ယူကြပြီး ဝါတစ်ပိဿာ (၂၇၀၀) ကျပ်ဖြင့်ဈေးဖွင့်ကာ အောက်တိုဘာလ ကုန်ခါနီးတွင် ဝါတစ်ပိဿာ (၃၃၀၀) ကျပ်အထိ ဈေးပေးဝယ်ယူနေကြကြောင်း၊ ယခင်နှစ်က ဈေးကွက်ဖွင့်စ စက်တင်ဘာလတွင် ဝါတစ်ပိဿာ (၂၅၀၀) ကျပ်ဈေးဖြင့် ဝယ်ယူပြီးရာသီကုန်ခါနီးတွင် ဝါတစ်ပိဿာ (၃၇၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူကြကြောင်း ဝါပွဲရုံပိုင်ရှင် ကိုဟန်ကြီးက ပြောသည်။

နတ်မောက်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါများကို စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဖြူးသည့် ရွှေတောင်(၈ ) ရွှေတောင် (၁၀) ဝါမျိုးစေ့များ၊ ပုဂ္ဂလိကများက ဖြန့်ဖြူးသည့် ဒေသဝါမျိုးစေ့များကို ဝယ်ယူစိုက်ပျိုးကြပြီး  ချည်မျှင်ရှည်ဝါများကို မိုးဦး၊ မိုးနှောင်းစိုက်ပျိုးကြကြောင်း သိရသည်။

မူမူစန်း