ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် မြစ်သား၌ကျင်းပ

မြစ်သား     ဇန်နဝါရီ    ၉

ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေးသရုပ်ပြခြင်း အစီအစဉ်အား ယနေ့နံနက်(၉)နာရီက မြစ်သားမြို့ လုပ်အားကြေးမုံခန်းမ၌ ကျင်းပရာ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်ကအဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် ဗဟိုမီးသတ်သင်တန်းကျောင်း ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းမှ ယနေ့ အခမ်းအနားသည် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးဆိုင်ရာ အသိပညာဗဟုသုတ များရရှိစေရေးရည်ရွယ်၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီစဉ်သို့ လာရောက်ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ သရုပ်ပြခြင်းတွင် ကလေးများအား မီးသတ်ဆေးဘူးအသုံးပြုတတ်စေရန်၊ ရေသန့်ဘူးများဖြင့် အသက်ကယ်အင်္ကျီနှင့် လုံခြုံရေးဖိနပ်ပြုလုပ်နည်း၊ မီးလောင်လွယ်သည့် ပစ္စည်းများကို မီးနှင့်မထိတွေ့အောင်ပြုလုပ်ပြီး မီးလောင်မှုမဖြစ်ပွားစေရန် ကာကွယ်နည်း၊  မီးလောင်မှုဖြစ်ပွားလျှင် မီးငြှိမ်းသတ်ရေးပစ္စည်းများအား ခွဲခွဲခြားခြားသိရှိပြီး မီးငြှိမ်းသတ် တတ် စေရန်၊ မီး၊ လောင်စာနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများအားသိရှိနားလည်စေရန်၊ ထမ်းစင်မရှိ သောနေရာများတွင် စောင်ကိုအသုံးပြု၍ ထိခိုက်ဒဏ်ရာရရှိသောလူနာကို လုံခြုံစွာသယ်ဆောင် တတ်စေရန်၊ သဘာဝဘေးအန္တရာယ် တစ်ခုခုနှင့်တွေ့ကြုံသည့်အခါ အရိုးကျိုးဒဏ်ရာရရှိနေ သောလူနာအား ရရာပစ္စည်းနှင့်ရှေးဦးသူနာ ပြုစုတတ်စေရန်၊ အရေးကြုံသည့်အခါ ကြိုးရှည်အား အချိန်တိုအတွင်း အထုံးများထုံးတတ်စေရန်၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွား ပေါ်ပေါက် လာပါက ကြုံတွေ့နိုင်သည့်အခက်အခဲများကို မိမိတို့ပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းကိရိယာ များအသုံးပြု၍ အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင်စေရန် ဗဟိုမီးသတ်သင်တန်း ကျောင်းမှ နည်းပြ(၅)ဦး၊ ဗိုလ်လောင်း (၂၅)ဦးတို့က ကျောင်းသား/ကျောင်းသူများနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်တုန့်ပြန်ဆောင်ရွက်ရေးများကို ဂိမ်းပုံစံပြုလုပ်ပြီး မိသားစု၊ သူငယ်ချင်းများနှင့် အတူ လေ့လာဆော့ကစားနိုင်သော(Kaeru Caravan)အစီအစဉ်ကို ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်အုန်းကြည်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမင်းအောင်၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် ဗိုလ်လောင်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြစ်သားအခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရှိရသည်။

ဆုမွန် (မြစ်သားပြန်/ဆက်)