စစ်တွေမြို့၌ RAKHINE KENDO Association (ရခိုင်ကန်ဒိုအဖွဲ့အစည်း) မှ ကန်ဒိုကိုယ်လုံပညာအားကစားနည်း သင်တန်းဖွင့်လှစ်သင်ကြား

စစ်တွေ ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ် စစ်တွေမြို့၌ RAKHINE KENDO Association (ရခိုင်ကန်ဒိုအဖွဲ့အစည်း) မှ ကန်ဒိုကိုယ်လုံပညာ အားကစားနည်းသင်တန်းကို ဓညဝတီအားကစားခန်းမ၌ နိုဝင်ဘာလ ၆ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့ထိ (၁) လကြာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များအား သိပ္ပံနည်းကျသော ကန်ဒိုကိုယ်လုံပညာရပ်အား ကျွမ်းကျင်တတ်မြောက်စေရန်၊ ကန်ဒိုပညာရပ်ကို စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် လူကြီး၊ လူငယ်များ ကိုယ်လက်လှုပ်ရှားမှုနှင့် အခြေခံ အကြောလျော့နည်းများကို နည်းမှန်လမ်းမှန်သင်ကြား တတ်ကျွမ်းစေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ ဖြတ်လတ်မှု၊ အာရုံစူးစိုက်မှုအားကောင်းလာစေရန်နှင့် ကာယ၊ ဉာဏသန်စွမ်းထက်မြက်စေရန် ရည်ရွယ်ပြီး ကန်ဒိုအားကစားနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း နည်းပြချုပ် ဦးဇော်ဆိုင်းအောင်(ခ) ကန်ဒိုအောင်အောင်က ပြောကြားသည်။

ကန်ဒိုကိုယ်လုံပညာအားကစားနည်းသင်တန်းကို ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ကန်ဒိုအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က အဖွင့်အမှာစကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအတွက် အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၂၀) ဦး တက်ရောက်သင်ကြားကာ နည်းပြချုပ် ကန်ဒိုအောင်အောင်နှင့် နည်းပြဆရာများက သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)