ဘီးလင်း ဒီဇင်ဘာ ၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ငါးဘတ်ချောင်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ငါးဘတ်ချောင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမြတ် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် ဆရာကြီးဦးလှထွန်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(ငါးဘတ်ချောင်)ကျောင်းမှ Grade (9)ကျောင်းသူ မထည်ထည်ဝါက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး Grade (11)ကျောင်းသား မောင်မင်းထက်ပိုင်၊ Grade (11) ကျောင်းသူ မခေတ်အိန္ဒြေရှင်၊ Grade (9)ကျောင်းသူ မလင်းလဲ့ကြယ်စင်သော် Grade(9) ကျောင်းသူ မထူးထက်ခင်တို့က “ကလေးစာပေတင့်ပါစေ”၊ “ကလေးနှင့်ဆေးလိပ်”၊ “ကိုယ်ကျင့်ကောင်း၍စိတ်ကောင်းရှိပါစေ”၊ “လူငယ်နှင့်တာဝန်ယူစိတ်” စသည့်ခေါင်းစဉ်တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)