နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရာက်

နေပြည်တော် ဒီဇင်ဘာ ၂

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ နေပြည်တော်ကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပသည်။

အဆိုပါ မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ နေပြည်တော်လူငယ်ရေးရာ ကိုယ်စားလှယ်များ၊ အားကစားဝါသနာရှင်များ၊ မသန်စွမ်းအားကစားသမားများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် မသန်စွမ်းအားကစားပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ(အကြီးတန်းအဆင့် ကျား/မ)၊ အပြေးပြိုင်ပွဲ(အငယ်တန်းအဆင့် ကျား/မ)၊ ဝှီးချဲလ် မီတာ (၅၀) အပြေးပြိုင်ပွဲ(ကျား/မ)၊ သံလုံးပစ်ပြိုင်ပွဲ(ကျား/မ)တို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက မသန်စွမ်းအားကစားပြိုင်ပွဲများအလိုက် ဆုရရှိကြသည့် မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)