နေပြည်တော် ဒီဇင်ဘာ ၂
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် ဥပဒေအရာရှိများ၊ နေပြည်တော်ရှိ ခရိုင်ဥပဒေအရာရှိများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် သင်ရိုးသစ်များ ပြင်ဆင်ပြောင်းလဲပြီးချိန် KG + 12 ကျောင်းသားများအနေဖြင့် အသက် ငါးနှစ်မှ အခြေခံပညာသင်ကြားမှုစတင်ခဲ့ရာ Grade-12 ရောက်ချိန်မှာ အသက် ၁၈ နှစ်ပြည့်ကြပြီဖြစ်သည့်အတွက် ဆန္ဒမဲပေးရမည့် အသက်အရွယ်ကို ရောက်ရှိနေပြီဖြစ်သလို အသက်(၁၈)နှစ်ပြည့်ပြီးသူများ လုပ်ငန်းခွင်ဝင်ရောက်ရန် ရပြီဖြစ်ကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံတော်၏ ဥပဒေရေးရာကိစ္စရပ်များကို သိရှိပြီး စောင့်ထိန်းလိုက်နာကြရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်နှင့် ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာဥပဒေများကို သိရှိနားလည်ထားရန် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများ သိရှိလိုက်နာနိုင်ရန် ဥပဒေဆိုင်ရာ အသိပညာရပ်တွေကို အခြေခံပညာကျောင်းများတွင် သင်ကြားပေးရန်ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ကျွမ်းကျင်သူများက ဥပဒေဆိုင်ရာ အသိပညာရပ်များကို ပို့ချပေးမှာဖြစ်ပြီး ယခုတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများက မိမိတို့ ကျောင်းများတွင် ပြန်လည်သင်ကြားပေးရမှာဖြစ်သည့်အတွက် ဂရုတစိုက် လေ့လာမှတ်သားပြီး ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ဆင့်ပွား ပို့ချသင်ကြားပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လွင်က သင်တန်းလုပ်ငန်းစဉ်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် ဥပဒေအရာရှိများ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ Grade-11 နှင့် Grade-12 ဆရာ၊ ဆရာမ ၂၁၀ ဦး တက်ရာက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)