ပုဗ္ဗသီရိမြို့နယ်အတွင်း ကျေးလက်တံတားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား နေပြည်တော်တိုင်းတာဝန်ခံ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 ပုဗ္ဗသီရိ ဒီဇင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော သပြေကုန်းအုပ်စု၊ သပြေကုန်းကျေးရွာနှင့် စက်စက်ယိုစိုက်ကွင်းသို့ ဆက်သွယ်သည့်လမ်းပေါ်ရှိ (၆၀'×၂၀') သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းတာဝန်ခံ၊ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် ဒုတိယညွှန်ကြားရေးမှူး  ဦးမြင့်လွင်ဦးတို့က ခရိုင်နှင့်မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများနှင့်အတူ တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

အဆိုပါ သပြေကုန်းကျေးရွာရှိ သံကူကွန်ကရစ်တံတားအား (၂၉၉.၅၀၀) ကျပ်သန်းဖြင့် ဌာနမှဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

နန်းရွှေရတီ (ပြန်/ဆက်)