စစ်တွေ ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးအစီအစဉ်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့စ၍ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (၄) နှစ် စီမံကိန်းချမှတ်ကာ စီမံချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် သက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ရေးသည် အရေးကြီးသည့် လုပ်ငန်းဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှု၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဝန်ဆောင်မှုများ စသည့် ပညာရှင်အဖွဲ့အစည်းများ၊ ဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် လူငယ်များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ပြီး ဝင်ငွေတိုးတက်ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင်မြင်စေရန် ရည်ရွယ်ချက်ကောင်းများနှင့် စက်ချုပ်သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် စာတွေ့၊ လက်တွေ့သင်ကြားပေးသည့် အခြေခံသင်ခန်းစာများကို စိတ်ဝင်စားစွာ လေ့လာသင်ယူပြီးတတ်မြောက်လာသည့် အခြေခံစက်ချုပ်ပညာရပ်များဖြင့် လုပ်ငန်းခွင်ဝင်နိုင်သော အဆင့်ဖြစ်အောင် အဆင့်ဆင့်ကြိုးစား သင်ယူကြရန်ပြောကြားခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီး ပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံက စက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အခမ်းအနားသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
အဆိုပါ စက်ချုပ်သင်တန်းသို့ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြမည့်ဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ စက်ချုပ်ကျွမ်းကျင် ဆရာ၊ ဆရာမများက စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)