ကလော ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အောင်ပန်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးနှင့် စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန် လူငယ်ချင်းတစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်ရန်၊ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး အောင်ပန်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသား၊ ကျောင်းသူ ၅ ဦးတို့က “လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်၊ လူငယ်နှင့်အချိန်” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်နှင့် ပါဝင်ဆွေးနွေးသူများက အသီးသီး ပြန်လည်ဖြေကြားပေးခဲ့သည်။ လူငယ်စကားဝိုင်းသို့ အောင်ပန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ (၂၇၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)