တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်း၌ ကတ္တရာ(အေစီ)လမ်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

တာချီလိတ် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ၊ ဘုရားဖူးပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မာကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားလမ်း ကတ္တရာ(အေစီ)လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်တို့အား တာဝန်ခံအင်ဂျင်နီယာမှူး ဦးရဲထွန်းက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လမ်းဘေး ဝဲ/ယာ ရေမြောင်းဖုံးခြင်းလုပ်ငန်းများကို လိုက်လံရှင်းလင်းပြသရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

အဆိုပါ ရွှေတိဂုံဘုရားလမ်း အရှည် ၁၃၃၀ ပေ၊ အကျယ် ၂၂ ပေ၊ ထု ၃ လက်မရှိ ကတ္တရာ(အေစီ)လမ်းခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၉၃၉ သိန်းဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စတင်ခင်းကျင်းခဲ့ပြီး လမ်းဘေး ဝဲ/ယာ ရေမြောင်းဖုံးခြင်းလုပ်ငန်းကို UBL ကုမ္ပဏီမှ ထိုင်းဘတ်ငွေ ၁၀ သိန်းခန့် ဖြင့် လှူဒါန်းဆောင်ရွက်ရာ ဒီဇင်ဘာလ ပထမပတ်တွင် လုပ်ငန်းရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)