တောင်ကြီး ဒီဇင်ဘာ ၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပြည်နယ်အားကစားလောကဖွံ့ဖြိုးတက်လာစေရေးကိုရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မသန်စွမ်းသူများ၏ ဆောင် ပုဒ်တစ်ရပ်ဖြစ်သော “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ တောင်ကြီးမြို့ပေါ်ရှိ မသန်စွမ်းအားကစား မောင်/မယ်များအား အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မသန်စွမ်းအားကစား မောင်/မယ်များနှင့်အတူ ပြည်နယ်အားကစားကွင်း တစ်ပတ်လမ်းလျှောက်ခဲ့သည်။
ထို့နောက် အားကစားပြိုင်ပွဲများဆက်လက်ကျင်းပပြုလုပ်ရာ ဆော့ဘောပြိုင်ပွဲ၊ လမ်းလျှောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲတို့တွင် မသန်စွမ်းအားကစား မောင် / မယ် အားကစားသမား (၅၇) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ဆုရအားကစားသမားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလွင်၊ ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)