(၁၆) ကြိမ်မြောက် သာသနပါလဓမ္မာစရိယစာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

သထုံ ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီများ ဦးဆောင်ဖွဲ့စည်းထားသော သာသနပါလသဟပုညကာရီအဖွဲ့၏ (၁၆) ကြိမ်မြောက် ဓမ္မာစရိယစာဝါသင်တန်း သာသနပါလဓမ္မာစရိယစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အောက်ကျင်းရပ်ကွက်၊ ဗူးဘုရား‌စေတီ ပုရဝုဏ်အတွင်းရှိ သန္တိသုခဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ စာအောင်သံဃာတော်နှင့် သီလရှင်တို့အား သာသနပါလသဟပုညကာရီအဖွဲ့မှ တာဝန်ရှိသူတို့က ဆုနှင်းသဘင်ကျင်းပရာ ဓမ္မာရုံသို့ ကြိုဆိုပင့်ဆောင်ကြပြီး သာသနပါလသဟပုညကာရီအဖွဲ့၏ နာယက၊ သထုံမြို့ ညောင်လေးပင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာထံမှ ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြသည်။

ယင်းနောက် သာသနပါလသဟပုညကာရီအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးရဲထွဋ်က (၁၆) ကြိမ်မြောက် သာသနပါလဓမ္မာစရိယစာမေးပွဲကျင်းပခဲ့မှုနှင့် စာအောင်ဆုနှင်းသဘင်ကျင်းပရခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သထုံမြို့ သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗဟိုသံဃာ့ဝန်ဆောင် ဘန္ဒန္တသုမနာဘိဝံသထံမှ ဧည့်ပရိသတ်အပေါင်းတို့က ရေစက်ချအနုမောဒနာတရားနာကြားကြကာ အသင်းနာယကဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ (၁၆) ကြိမ်မြောက် သာသနပါလဓမ္မာစရိယစာမေးပွဲမှ အဆင့်အတန်းအသီးသီးဖြင့် အောင်မြင်တော်မူခဲ့ကြသူတို့အား အသင်းဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဘွဲ့လက်မှတ်နှင့် စာအောင်ဆုအသီးသီးတို့ကို ဆက်ကပ်လှူဒါန်းကာ အလှူရှင်တို့က လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။

သာသနပါလသဟပုညကာရီအဖွဲ့မှ ကျင်းပပြုလုပ်သည့် (၁၆) ကြိမ်မြောက် သာသနပါလဓမ္မာစရိယစာမေးပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ရာ သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၆၈) ပါး ၀င်ရောက်‌ဖြေဆိုခဲ့ကြပြီး (၃) ကျမ်းအောင် သာသနပါလဓမ္မာစရိယဘွဲ့ရ (၄) ပါး၊ (၂) ကျမ်းအောင် (၁၂) ပါး၊ (၁)ကျမ်းအောင် (၄၃) ပါး၊ စုစုပေါင်း သံဃာတော်နှင့် သီလရှင် (၅၉) ပါးတို့ အောင်မြင်တော်မူခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)