ကျောက်ဆည် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရရှိရေး ဘူး၊ ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ ဆလပ်၊ မုံညင်း စသည့် မီးဖိုချောင်သုံး အသီးအနှံများ စိုက်ပျိုးကြရာ ကြက်ဟင်ခါးသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုတစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကြက်ဟင်ခါးသီးနှံစိုက်ပျိုးပါက သဘာဝမြေဩဇာဖြစ်သည့် နွားချေးများဖြင့် စိုက်တိုင်းကျ မြေပြုပြင်ပြီး (၈)ပေခန့်အကွာ တိုင်များစိုက်ပြီး တိုင်အခြေတွင် မျိုးစေ့များ တိုက်ရိုက်စိုက်ပျိုးပြီး (၅)ပေအမြင့်ရှိ စင်များ ပြုလုပ်ကာ စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး(၁၅)ရက်အကြာ အပင်ပတ်လည်၌ အာမိုမြေဩဇာ ဟင်းစားဇွန်း တစ်ဇွန်းခန့်ဖြူးပေးကာ ရေတင်ပေးပြီး ပင်စည်များအား တိုင်နှင့်ကြိုးချည် ပေးရကြောင်း၊ စိုက်ပျိုးပြီးရက်ပေါင်း(၃၀)ခန့်တွင် အပွင့်များ စတင်ပွင့်လာကြပြီး (၄၅)ရက်သားတွင် အသီးများ စတင်ခူးခွတ်ရောင်းချရကြောင်း သိရသည်။
ဘို့တစ်ထောင် ကြက်ဟင်းခါးမျိုး (၀.၅၀)ဧက စိုက်ပျိုးထားပါက (၃/၄)ရက်တစ်ကြိမ် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ စတင်ခူးချိန်တွင် အချိန်(၂၅)ပိဿာခန့်ခူးဆွတ်ရပြီး အသီးဖြိုင်ချိန်တွင် (၁၄၀)ပိဿာ အထိခန့် ခူးဆွတ်ရကြောင်း ခူးဆွတ်ရောင်းချရသည့် သက်တမ်းမှာ အပင်အပြုအစုပေါ်မူတည်ပြီး (၅)လ၊(၆)လခန့် ခူးဆွတ်ရောင်းချရကြောင်း ကြက်ဟင်ခါးစိုက်ပျိုးရောင်းချသည့် ရန်ပုံနှစ်ကျေးရွာမှ တောင်သူဦးမြင့်မောင်က ပြောပြ၍ သိရှိရပြီး စိုက်ပျိုးရာတွင်အသုံးပြုသည့် တိုင်နှင့်ဝါးများသည် အခင်းဖျက်သိမ်းပါက ပြန်လည်သိမ်းဆည်ထားပြီး (၄)ကြိမ်အထိပြန်လည်အသုံးပြုနိုင်ပြီး ကုန်ကျစရိတ် နည်းပါးပြီး မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ခြင်း၊ အကျိုးအမြတ်များခြင်းတို့ကြောင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်