ပုပ္ပားတောင်အမျိုးသားဥယျာဉ်တွင် မီးခိုးမြူငွေ့လျော့ချရေး မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပုပ္ပားတောင် အမျိုးသားဥယျာဉ်တို့ ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှု၊ မီးခိုးမြူငွေ့လျော့ချရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းကို၊ ဒီဇင်ဘာ(၁)ရက်နေ့ နံနက်(၁၀)နာရီက  အဆိုပါ ဥယျာဉ်မှူး ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပုပ္ပားတောင်ဥယျာဉ် အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပြီး၊ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးသန်းမြင့်က ရာသီဥတု ပြောင်းလဲမှုကြောင့် လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ သိကောင်းစရာများ၊ မီးဘေးလုံခြုံရေး ဆိုင်ရာ အသိပညာ ပေးဟောပြောခြင်း၊ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ဆောင်ရမည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြု၍ ဆီ မီးလောင်မှုအား ငြှိမ်းသတ်ခြင်း၊ မီးလောင်မှုအား ရေစိုဝတ်ဖြင့် အရေးပေါ် စနစ်တကျ မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်များ အသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို ဥယျာဉ်တာဝန်ရှိ ဝန်ထမ်းများကိုယ်တိုင် လက်တွေ့လုပ်ဆောင်စေခြင်း၊ ပူးပေါင်းပါဝင် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ပုပ္ပားတောင်ဥယျာဉ် အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်နှင့်ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပုပ္ပားကျေးရွာဒေသခံများ၊ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)