သထုံမြို့နယ်၌ နဝမအကြိမ်မြောက် ပအိုဝ်းနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ

သထုံ ဒီဇင်ဘာ ၁

ပအိုဝ်းသက္ကရာဇ် ၂၇၁၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်‌နေ့၌ကျရောက်သည့် နဝမအကြိမ်မြောက် ပအိုဝ်းနှစ်သစ်ကူး‌ပွဲတော် အခမ်းအနားကို မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ ယနေ့၊ နံနက်က စည်ကားစွာ ကျင်းပခဲ့သည်။

နှစ်သစ်ကူးပွဲ‌တော် အခမ်းအနားတွင် ရှေးဦးစွာ မွန်ပြည်နယ် ပအိုဝ်းစာ‌ပေနှင့် ယဥ်‌ကျေးမှုအဖွဲ့၏ နာယက၊ ဘီးလင်းမြို့နယ်၊ ခဲမောက်စင်္ကာပူကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒဝံသထံမှ တက်ရောက်လာသူတို့က နှစ်သစ်ကူးဩဝါဒစကား နာကြားကြပြီး ပအိုဝ်းသမိုင်းသုတေသီ ဦးခွန်ထွန်းရှိန်က ပအိုဝ်းအမျိုးသားတို့၏ နှစ်သစ်ကူးနေဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက ထောက်ပံ့ရံပုံငွေ သိန်း(၁၀၀)ကျပ်အား ပေးအပ်ရာ ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးဆောင်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျေးရွာအသီးသီးမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့တို့က ယဉ်ကျေးမှု အကများဖြင့် ဧည့်ခံဖျော်ဖြေကြရာ တက်ရောက်လာသူတို့က ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ နှစ်သစ်ကူးပွဲတော် ကျင်းပရာသို့ ပအိုဝ်းတိုင်းရင်းသား နာယကဆရာတော်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကရင်၊ မွန်နှင့် ပအိုဝ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)