ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရား၌ စတီးလှေကားတပ်ဆင်ခြင်းနှင့် ထီးဖြူတော်(၂)လက် တပ်ဆင်ရန် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနား တက်ရောက်

စစ်တွေ ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌ စတီးလှေကားတပ်ဆင်ခြင်းနှင့် ထီးဖြူတော်(၂)လက် တပ်ဆင်ရန် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း အခမ်းအနားသို့တက်ရောက်ပြီး ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၌ စစ်တွေမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာတိုက်ပွဲရှောင် စခန်း၊ စုရပ်များမှ ပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌ စတီးလှေကား တပ်ဆင်ခြင်းနှင့် ထီးဖြူတော် (၂)လက်တပ်ဆင်ရန် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်လုံးချမ်းသာဘုရားကြီး၌ စတီးလှေကားတပ်ဆင်ခြင်းနှင့် ထီးဖြူတော်(၂)လက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်ကိစ္စများနှင့် ပတ်သက်၍ လျှောက်ထားသည်။ ယင်းနောက် ပြည်လုံးချမ်းသာဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများက ဩဝါဒကထာများ မိန့်ကြားကြပြီး ဆရာတော်အရှင်သူမြတ်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြကာ ပြည်လုံးချမ်းသာဘုရားကြီး၌ စတီးလှေကား တပ်ဆင်မည့်နေရာအား လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များအား စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စစ်တွေမြို့၊ ဝင်္ကဘာကွင်းအား သံပန်းအလှကာရန်ခြင်း၊ ရေမြောင်း၊ ပလက်ဖောင်းဆောင်ရွက်ခြင်းနှင့် မြေကြီးဖို့ခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို လျှောက်ထားရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် ရွှေစေတီဘုန်းတော်ကြီးကျောင်းခန်းဆောင်၌ ကျင်းပသည့် စစ်တွေမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာတိုက်ပွဲရှောင် စခန်း၊ စုရပ်(၃၇)ခုမှ ပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍လုံခြုံရေးအရ တိုက်ပွဲဖြစ်စဉ်များဖြစ်ပွားခဲ့ရကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများသည် မိမိတို့၏ဒေသများကို ယာယီစွန့်ခွာပြီး စခန်းများတွင်နေထိုင်ခဲ့ကြရကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းသည် ဒေသတည်ငြိမ်အေးချမ်းမှုအားနည်း၍၊ တည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း၊ တည်ငြိမ်အေးချမ်းမှ တရားဥပဒေစိုးမိုးမှုရှိမှ ထိုဒေသသည် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုမှ နှစ်စဉ်ဘဏ္ဍာရန်ပုံ ငွေများကို ဘီလီယံရာဖြင့်ချီပြီး ခွဲဝေချထားပေးလျက်ရှိကြောင်း၊ ထိုသို့ခွဲဝေချထားခြင်းသည် ဒေသခံ ပြည်သူများအတွက် အခြေခံအဆောက်အဦများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီးစသည့် ပြည်သူလူ ထုအကျိုးရှိမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ချထားပေးခြင်းဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ များစွာရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း လုံခြုံရေးအရ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမှာ နှောင့်နှေးခဲ့ရကြောင်း၊ ထို့ကြောင့် ဒေသတစ်ခုသည် တည်ငြိမ်အေးချမ်းရန်၊ တရားဥပဒေစိုးမိုးရန် အလွန်အရေးကြီးကြောင်း၊ သို့မှသာ မိမိတို့နှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်ဖြစ်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမည်ဖြစ်ကြောင်း၊ ယခုအခါ လုံခြုံရေးအရာ ကန့်သတ်ချက်များကြောင့် မိမိတို့ရပ်ရွာများကို စွန့်ခွာပြီး တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြရကြောင်း၊ သို့သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ယာယီ နေရပ်စွန့်ခွာတိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် လိုအပ်သော ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း အလျင်းသင့်လျင်သင့်သကဲ့သို့ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသတည်ငြိမ်အေးချမ်းရန်အတွက် မိမိတို့အစိုးရအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့များအပြင် ဒေသခံပြည်သူများတွင်းလည်း တာဝန်ရှိကြောင်း၊ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ယာယီစခန်းများတွင် နေထိုင်ကြစဉ်ကာလအတွင်း တွင်လည်း ဆရာတော်ကြီးများ၏ မေတ္တာကိုအလေးထားကာ သန့်ရှင်းရေးကအစ လုပ်ဆောင်ပေးကြရန်၊ စနစ်တကျ စည်းစည်းလုံးလုံးဖြင့် နေထိုင်ကြရန် စခန်းတာဝန်ခံများ၏စကားကို နားထောင်ပြီး လိုက်နာကြရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း တလေးတစားထားကြရန် လိုကြောင်း၊ အားလုံး သောတာဝန်ရှိသူများသည် ဒေသခံပြည်သူများအတွက် လုပ်ဆောင်ပေးနေကြသူများဖြစ်ကြောင်းနှင့် တစ်ချိန်တွင် မိမိတို့ရပ်ရွာဒေသများကို ပြန်လည်ရောက်ရှိကာ ရပ်ရွာအကျိုး၊ ဒေသအကျိုးကို လုပ်ဆောင်နိုင်သူများဖြစ်ကြပါစေကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာတိုက်ပွဲရှောင် ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြပြီး တိုက်ပွဲရှောင်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမအား အကြီးစား အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)