လှိုင်မြို့နယ်တွင် သတ္တမအကြိမ်မြောက် စာပေဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

လှိုင် ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် လှိုင်မြို့နယ် စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် သတ္တမအကြိမ်မြောက် စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်  ၁၀ နာရီက လှိုင်မြို့နယ်ပုည သီရိအောင်ချမ်းသားကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားခြင်း၊ လှိုင်မြို့နယ် စာရေးဆရာအသင်း နာယကဆရာတော် အောင်သိဒွီအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတိက္ခာစာရ(မုံရွာနန်းလွင်)မှ ဩဝါဒစကား ချီးမြှင့်တော်မူပြီး ပုညသီရိအောင်ချမ်းသာဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဦးနာရဒက အမှာစကား ပြောကြားတော်မူခဲ့သည်။

ဆက်လက်၍ စာပေထူးချွန်ဆုများကို ချီးမြှင့်ရာပထမဆုရရှိသူ ဆရာစံဝင်းအောင်(မြန်အောင်)က “ပင်လယ်ကြီးလိုကျင့်တဲ့သူ” စာမူဖြင့်လည်းကောင်း၊ ဒုတိယဆုရရှိသူ ဆရာသိင်္ခသူက “မိစူး” စာမူဖြင့်လည်းကောင်း၊ တတိယဆုရရှိသူ ဆရာမြင့်မြတ်နိုး(ကျေးလက်)က “တန်ဖိုးသုညမဟုတ်သောသုညတန်ဖိုး”စာမူဖြင့်လည်းကောင်း ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြပြီး လှိုင်မြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ညိုထွန်း (ပြန်/ဆက်)