ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်းများမှ တာဝန်ရှိသူများ၏ ရင်တွင်းစကားသံများ

မိတ္ထီလာ ဒီဇင်ဘာ ၁

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းများ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အသင်းခေါင်းဆောင်များ၏ ရင်တွင်းစကားသံများကို ရေးသားတင်ဆက်လိုက်ရပါတယ်-

ဦးစိုးအောင်သန်း၊ဒုတိယညွှန်ကြားရေးမှူး(ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း) အသင်းအုပ်ချုပ်သူ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၊ အလွတ်တန်းပြိုင်ပွဲ၌ အားကစားနည်း(၆)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းများကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းကတာဝန်ယူ၍ ဆောင်ရွက်သွားမှာဖြစ်ပြီး အသင်းအုပ်ချုပ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးအောင်သန်းနှင့် ကထိက ဦးဇော်မိုးဝင်းတို့ကတာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းဌာန (၁၉)ခုမှ ဘော်လီဘော အားကစားဝါသနာပါသူ ဝန်ထမ်းများဖြင့် အမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းများအတွက် ဝန်ကြီးဌာနတွင်း ဘော်လီဘောပြိုင်ပွဲများပြုလုပ်၍ အမျိုးသားအသင်းကို ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးဌာနမှ ဝန်ထမ်း ၈ ဦး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း ၅ ဦး၊ မြန်မာ့မီးရထားမှ ဝန်ထမ်း ၃ ဦးနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်း ၂ ဦး စုစုပေါင်း ဝန်ထမ်း ၁၈ ဦးဖြင့် စုဖွဲ့ထားရှိပြီး အမျိုးသမီးအသင်းကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဝန်ထမ်း ၁၅ ဦး၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ဝန်ထမ်း ၁ ဦး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်း ၁ ဦး စုစုပေါင်း ၁၇ ဦးကို နည်းပြများဖြင့် စနစ်တကျရွေးချယ်၍ စုစည်းထားရှိပါတယ်။ အမျိုးသားအသင်းကို ဝန်ကြီးဌာနအောက်ရှိ ဌာနများမှရရှိသည့် ၁၈ ဦးမှ နည်းပြများဖြင့် ပြိုင်ပွဲတွင် ဝင်ရောက်ရန် အဆင့်မီသူများကို လူရွေးချယ်ထားရှိပြီး အသင်းသတ်မှတ်ချက် ဦးရေအတိုင်း စုစုပေါင်း ၁၄ ဦး ရွေးချယ်ထားရှိပါတယ်။ အမျိုးသမီးအသင်းကိုလည်း ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ရရှိသည့် ၁၇ ဦးမှ နည်းပြများဖြင့် ပြိုင်ပွဲတွင်ဝင်ရောက်ရန် အဆင့်မီသူများကို လူရွေးချယ်ထားရှိပြီး အသင်းသတ်မှတ်ချက် ဦးရေအတိုင်း စုစုပေါင်း ၁၄ ဦး ရွေးချယ်ထားရှိပါတယ်။ အမျိုးသားအသင်းအတွက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ နည်းပြ ဦးသိန်းဆွေ နိုင်ငံလက်ရွေးစင် (၁၉၉၆)၊ ဦးထွန်းငွေ နိုင်ငံလက်ရွေးစင် (၁၉၉၅) နှင့် အမျီုးသမီးအသင်းအတွက် ဦးဇော်ထွန်း နိုင်ငံလက်ရွေးစင်(၁၉၉၆)၊ ဦးကျော်စိုးနိုင် အား/ကာမှူး မိတ္ထီလာခရိုင်တို့ဖြင့် စုစည်းထားရှိပါတယ်။ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ မိတ္ထီလာမြို့တွင် အမျိုးသားများကို နဝရတ်အိပ်ဆောင်၊ အမျိုးသမီးများကို ကလျာဏအိပ်ဆောင်နှင့် နည်းပြများကို နည်းပြအိပ်ဆောင်တွင် နေရာအလိုက်ခွဲခြား၍ သီးခြားအိပ်ဆောင်များဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ အားကစားသမားများ Indoor လေ့ကျင့်မှုကို မိတ္ထီလာခရိုင်အား/ကာရှိ မိုးလုံလေလုံ အားကစားခန်းမတွင်လည်းကောင်း၊ မိတ္ထီလာတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမတွင်လည်းကောင်း၊ Outdoor လေ့ကျင့်မှုကို ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်းဝင်းအတွင်းရှိကွင်းတွင် နည်းပြ၏ သတ်မှတ်ချိန်အတိုင်း လေ့ကျင့်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွေးမွေးရေးကဏ္ဍတွင် အားကစားသမားများနှင့် နည်းပြများကို ဝန်ကြီးဌာန၏ စီစဉ်ပေးမှုဖြင့် တစ်ရက်လျှင် ၇,၅၀၀ ကျပ်နှုန်ဖြင့် အာဟာရဖြစ်ထွန်းစေရန်၊ ကျန်းမာရေး၊ ညီညွှတ်စေရန်နှင့် ခွန်အားရှိစေရန်အတွက် ချက်ပြုတ် ကျွေးမွေးရေးအဖွဲ့ ဖွဲ့စည်း၍ ဆရာဝန်၏ စစ်ဆေးမှုခံယူကာ ကျွေးမွေးဆောင်ရွက်လျက်ရှိပါတယ်။ ထိုအပြင် ပြိုင်ပွဲကာလတွင် အားကစားသမား ၂၈ ဦး အင်အားဖြည့်  အစားအစာ တစ်ရက်လျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ထပ်ဆောင်း ကျွေးမွေးရေးစီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  ကျန်းမာရေးအနေဖြင့် အားကစားသမားများ ကျန်းမာရေးအဆင်ပြေစေရန်အတွက် စခန်းသွင်းလေ့ကျင့်မှုစသည့်ကာလအတွက် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရှိ ကျောင်းဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးပြီး လိုအပ်ချက်ရှိပါက မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းနှင့် တိုင်းရင်းဆေးခန်းများသို့ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ကာလအတွက် ဝန်ကြီးရုံးက ဆောင်ရွက်ပေးသည့် ကျန်းမာရေးကိစ္စရပ်များ စောင့်ရှောက်ရေးအဖွဲ့ဖြင့် ဆောင်ရွက်ပေးထားပါတယ်။ အားကစားပစ္စည်းများ ဆောင်ရွက်ပေးခြင်းအနေဖြင့် ဝန်ကြီးဌာနကိုယ်စားပြု ဘော်လီဘော အသင်းအတွက်လေ့ကျင့်မှုများတွင် လိုအပ်လျက်ရှိသော ဘော်လီဘောပိုက်၊ Indoor ဘောလုံး၊ Outdoor ဘောလုံး ဘောလုံးထည့်ရန်လှည်းစသည့်ပစ္စည်းများ ဖြည့်တင်းပေးပြီး ကြံ့ခိုင်မှုရှိစေရန်နှင့် လေ့ကျင့်ရန်အတွက် ဘယ်ရီရိုက်ကြိုး၊ အခုန်လေ့ကျင့်ရန် အမှတ်အသားပြခွက်၊ အမြင့်ခုန်ရန်  ဆွဲပေးသည့်ကြိုး၊ လေ့ကျင့်ရေးဝတ်စုံ၊ ပြိုင်ပွဲဝင်ဝတ်စုံ၊ Track Suit ဝတ်စုံ၊ ခြေအိတ်နှင့် ဖိနပ်များကိုလည်း ဝန်ကြီးဌာနက ထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါတယ်။ အသင်းအုပ်ချုပ်သူအနေဖြင့် ၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသည့်အတွက် အတိုင်းမသိဝမ်းသာမိသလို ဖွဲ့စည်းထားသည့် အသင်းပေါ်မှာလည်း ကိုယ်တိုင်အားရ ကျေနပ်ရပါတယ်။

ဦးထွန်းငွေ  (နိုင်ငံ့လက်ရွေးစင်ဟောင်း ၁၉၉၅) အမျိုးသားအသင်းအသင်းနည်းပြ

ဘော်လီဘောအသင်း လေ့ကျင့်ပေးမှုအနေဖြင့်ပြိုင်ပွဲနှင့် ဝေးကွာနေသောကာလ၊ ပြိုင်ပွဲရှိကြောင်း စတင်သိရချိန်ကာလ၊ ပြိုင်ပွဲနှင့်နီးကပ်သောကာလနှင့် ပြိုင်ပွဲဝင်ကာလဟူ၍  လေးပိုင်းခွဲ၍ လေ့ကျင့်မှုကို ပြင်ဆင်ခဲ့ပါတယ်၊  စခန်းသွင်းလေ့ကျင့်ရာတွင် ပြိုင်ပွဲနှင့် ဝေးကွာနေသောကာလတွင် ဝန်ကြီးဌာန၌လူစုဖွဲ့ပြီး စခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပါတယ်။ ပြိုင်ပွဲရှိကြောင်း စတင်သိရချိန်ကာလတွင်  ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ စခန်းသွင်းလေ့ကျင့်မှုကို ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ ပြိုင်ပွဲဝင်ကာလအထိ လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ရာတွင် နေ့စဉ် ဘော်လီဘောနည်းပြတို့၏ ဦးဆောင်မှုဖြင့် နံနက် ၆နာရီမှ ၁၀ နာရီအထိ နှင့် ညနေပိုင်း ၁၅ နာရီမှ ၁၈ နာရီအထိ ကြံခိုင်မှု၊ ခွန်အားရှိမှု၊ လျင်မြန်မှု၊ ကျွမ်းကျင်မှု၊ ခံနှိုင်ရည်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရရှိစေရန် စနစ်တကျ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားအသင်း၊ အမျိုးသမီးအသင်းများမှာ ဖွဲ့စည်းထားရှိမှုသည် ကာစားသည့်နေရာအလိုက်  ပြည့်စုံအောင် ဖြည့်ဆည်းထားမှုမှာ အားရဖွယ်ရှိပြီး အသက်အရွယ်ငယ်သူများနှင့် ဖွဲ့စည်းထား၍ ဝန်ကြီးဌာနအသင်း အောင်ရေးအတွက်တင် မဟုတ်ဘဲ နိုင်ငံ့ကိုယ်စားပြုအားကစားသမားများ အဖြစ် မျှော်မှန်ထားရှိပါတယ်။

ကိုဉာဏ်မင်းဦး (မန္တလေးတိုင်းလက်ရွေးစင်)အသင်းခေါင်းဆောင် အမျိုးသားအသင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမျိုးသားဘော်လီဘောအသင်းအနေဖြင့် ယခင်နှစ်က ဝန်ကြီးဌာန ပေါင်းစုံ ဘော်လီဘော အသက်(၂၅)နှစ်အောက် ပြိုင်ပွဲတွင် တတိရဆုရရှိထားသည့် အသင်းဖြစ်သည့်အတွက် ယခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင်လည်း ယခင်နှစ်ထက် မလျော့သော ဆုတံဆိပ် ရရှိစေရန် မျှော်မှန်ထားရှိပါတယ်။

မခင်ချိုထက်(နိုင်ငံ့လက်ရွေးစင်) အသင်းခေါင်းဆောင် အမျိုးသမီးအသင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမျိုးသမီးဘော်လီဘောအသင်းအနေဖြင့် ယခင်ဝန်ကြီးဌာန ပေါင်းစုံ ဘော်လီဘော အသက်(၂၅)နှစ်အောက် ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိထားသည့် အသင်းဖြစ်သည့်အတွက် ယခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင်လည်း ယခင်နှစ်ထက် မလျော့သော ဆုတံဆိပ်ရရှိစေရန် မျှော်မှန်ထားရှိပါတယ်။

၂၀၂၄ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းမှာ လ.ဝ.ကအသင်း၊ အားကစား/လူငယ် အသင်ဖြင့် (၃)သင်း ပါဝင်ပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင်၍ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အမျိုးသမီးဘော်လီဘောအသင်းမှ အား/ကားလူငယ်အသင်း၊ စိုက်/မွေးဆည် အသင်းဖြင့် (၃) သင်းပါဝင်ပြီး၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စတင်၍ ယှဉ်ပြိုင်သွားရမည်ဖြစ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းများအနေဖြင့် ၂၀၂၄ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် “ ပြိုင်လျှင် နိုင်ရမည်၊ နိုင်အောင်လည်း ပြိုင်ရမည်” ဟူသော သန္နိဌာန်ချမှတ်၍ ထိုက်တန်သည့် ဆုတံဆပ်ရရှိအောင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

သိန်းမြင့်ကျော်(မိတ္ထီလာ)