တောင်ကြီး ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် ၂/၂၀၂၄ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဥပဒေပညာကို သင်ယူလေ့လာခြင်းအားဖြင့် မိမိတို့ရရှိမည့် အခွင့်အရေးများ၊ တာဝန်များ၊ ဆောင်ရန်ရှောင်ရန်အချက်များနှင့် ကျင့်ဝတ်များကိုသိရှိပြီး အသက်မွေးဝမ်းကျောင်းပညာအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ လူတိုင်းသည် ဥပဒေပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုမည်မဟုတ်သော်လည်း မိမိတို့ရရှိမည့် အခွင့်အရေးများနှင့် လိုက်နာ ရမည့်တာဝန်များကို ကောင်းမွန်စွာနားလည်းသဘောပေါက် သိရှိထားရန်လည်းလိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် တရားဥပဒေကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာမှသာ အမှားအယွင်းမရှိဘဲ ဥပဒေနှင့်အညီ အကျိုးရှိပြီး မှန်ကန်ထိရောက်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံနှင့် ပြည်သူအတွက်ပါ အကျိုးရလဒ် ကောင်းများ ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတက်ရောက်ကြသည့် ရှမ်းပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအနေဖြင့် သင်တန်းမှရရှိလာသည့် ဥပဒေအသိပညာဗဟုသုတများကို ကျောင်းသား/ကျောင်းသူများသာမက မိမိနှင့်နီးစပ်ရာ နယ်ပယ် ပတ်ဝန်းကျင်ရှိပြည်သူများကိုပါ သိရှိနိုင်အောင် ပြန်လည်မျှဝေပေးနိုင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်း လက်မှတ်များအား ဆရာ/ဆရာမများကိုယ်စား သင်တန်းသား၊ သင်တန်းသူတစ်ဦးထံတို့ ပေးအပ်ခဲ့ပြီး သင်းတန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)နှင့် (၂)ကို အောင်မြင်စွာဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး သင်တန်းအမှတ်စဉ်တစ်ခုစီမှာ ဆရာ/ ဆရာမ ဦးရေ (၁၀၈)ဦး၊ စုစုပေါင်း (၂၁၆) ဦးကို သင်ရိုးညွှန်းတမ်းပါ ဥပဒေအသိပညာဘာသာရပ်များ သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)