နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံ၏ အတွင်း၊ အပြင်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဆေးရုံအတွင်း၊ အပြင်ပတ်ဝန်းကျင်သန်ရှင်းသာယာရေး၊ သစ်ပင်များအားအလင်းဖွင့်ခြင်း၊ သစ်ကိုင်းရှင်းလင်းခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးပြီး စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရေး၊ ရေစီးရေလာကောင်မွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ဝန်ပြန်ကျေးရွာရှိ  ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်းလီမိတက်သို့ သွားရောက်၍ အသေးစားအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်မျိုတူစုအဖွဲ့(နေပြည်တော်)နှင့်တွေ့ဆုံရာ တာဝန်ရှိသူများက ဝါးလက်မှုလုပ်ငန်းထုတ်ကုန်ပစ္စည်းများ၊ ဝါးမှထွက်ရှိသည့်ထုတ်ကုန်များ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မိမိဒေသမှထွက်ရှိသည့်ကုန်ကြမ်းများကို တန်ဖိုးမြင့်ကုန်ချောများထုတ်လုပ်ပြီး အမှတ်တရပစ္စည်းများအဖြစ် လက်ရာကောင်းမွန်ခြင်း၊ ရေရှည်ခံခြင်း၊ ဒီဇိုင်းပုံစံများကို အဆင့်တန်းမီထုတ်လုပ်နိုင်ရန်၊ ထုတ်ကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများကို တီထွင်ဆန်းသစ်ပြီး အရည်အသွေးပြည့်ဝသည့်  ထုတ်လုပ်မှုစွမ်းအားများ တိုးတက်ကောင်းမွန်လာအောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ထုတ်ကုန်များကို ပြည်တွင်းသာမက ပြည်ပသို့တင်သွင်းရောင်းချနိုင်သည့် ထုတ်ကုန်များအဖြစ် တိုးတက်အောင်ကြိုးစား ထုတ်လုပ်ရန်လိုကြောင်းမှာကြားပြီး ဝါးလက်မှုလုပ်ငန်း ထုတ်ကုန်ပစ္စည်းများ၊ ဝါးမှထွက်ရှိသည့် ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ အောင်ဇေယျရပ်ကွက်အတွင်းရှိ တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံသို့ ရောက်ရှိရာ စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံက သုတေသန၊ မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။

ထိုနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများပေးအပ်ကာ ထုတ်လုပ်ထား သည့် မျိုးစေ့များနှင့် စိုက်ပျိုးရေးသုတေသနခြံအတွင်း နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် အစေ့ထုတ် ပြောင်းစိုက်ခင်းများကို လှည့်လည် ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရာက်ပြီး အမှာစကား ပြောကြားသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသည့် ရန်ပုံငွေဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီးကျေးရွာများတွင် အတိုးနှုန်းသက်သာစွာဖြင့် အရင်းမပျောက် မတည်ရန်ပုံငွေထူထောင်ပေးပြီးရရှိလာသည့် အတိုးငွေများကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်မှန်းပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိရပ်ရွာသန့်ရှင်းသာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေငွေကျပ် သိန်း ၃၀၀ ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များထံ လွှဲပြောင်း ပေးအပ်ရာ ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာတွင် ဆည်မြောင်နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်သည့် စက်ရေတွင်းအမှတ်(၁)မှ ဆောင်သီးနှံစိုက်ပျိုးရန်အတွက် မြေအောက်ရေဖြင့် တစ်ကွင်းတစ်စပ် စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စိုက်ပျိုးရေပေးဝေနေမှု အ‌ခြေအနေများကို ရှင်းလင်တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌလိုအပ်သည်များကို  ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကင်းသာရေထိန်းတမံပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်၍ လှည့် လည်ကြည်ရှုစစ်ဆေးရာ နေပြည်တော် ဆည်မြောင်နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်သီဟက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များ အပေါ်‌ ပေါင်းစပ်ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)