ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဇမ္ဗူသီရိ ဒီဇင်ဘာ ၁

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်း စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာ၊ ဆရာမများဖြစ်သော အိုင်ပီမျိုးအောင်၊ သဘာဝ၊ ရွှေပြည်စိုး(မိုးကုတ်)၊ မေချို(ပျဥ်းမနား)၊ မောင်သန်းညွန့်(မြစ်ခြေ)၊ ကိုလင်း(အညာမြေ)၊ လုံမငယ်(လူမှု)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ သုတေသီဘုန်းမြင့်သွေးရေးသားသည့် လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်း စာအုပ်အားဖတ်ရှု၍ မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး  သုံးသပ်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စာရေးသူ၏ ခံစားရေးသားခဲ့မှုများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)