ရန်ကုန် ဒီဇင်ဘာ ၁
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ခြင်းလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးတို့အတွက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင်အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်းသည့် အခမ်းအနားကို ယနေ့နံနက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဟိုတယ်ရွှေဂုံတိုင်(ရန်ကုန်)၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင် နာယကဦးစိုးတင့်က ခြင်းလုံးနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ရှေ့လုပ်ငန်းစဥ်များပြောကြားပြီး ဥက္ကဋ္ဌ ဦးသက်လွင်က ဖွဲ့စည်းထားရှိမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်က အမျိုးသားအားကစားပွဲတော်တွင် သရုပ်ပြခတ်ကစားမည့်အစီအစဉ်များအား တင်ပြ၍လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်းသောင်းက အမှာစကားပြောကြား၍လည်းကောင်း၊ အမှုဆောင်များကခြင်းလုံးနှင့်ပက်သက်၍ အသီးသီး တင်ပြခဲ့ကြသည်။
အဆိုပါ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင် နာယကဦးစိုးတင့်၊ ဥက္ကဋ္ဌဦးသက်လွင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးကျော်ဇင်မိုး၊ ဦး၀င်းတင့်၊ ဦးထွန်းလင်းသောင်းနှင့်အမှုဆောင် ၁၇ဦး၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး စုစုပေါင်း၂၄ဦးတို့အား မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်အတည်ပြုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။
ယင်းအဖွဲ့ချုပ်အောက်တွင် ပြန်လည်ဖွဲ့စည်းလိုက်သော ဆပ်ကော်မတီများ၌ဒိုင်ကြီးကြပ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ သရုပ်ပြလှုပ်ရှားရေး၊ စည်းရုံးရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီတို့အပြင် ရုံးအဖွဲ့ပါ ဖွဲ့စည်းထားကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)