မိတ္ထီလာမြို့၌ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲ ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ၁

မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင်ဆရာဆရာမများ အရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန် နေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ အ.ထ.က(၁)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဦးအောင်ဆွေဦးတို့က အမှာစကားပြောကြားသည်။ ထိုနောက် မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါ်မော်မော်က ဆွေးနွေးပွဲပြုလုပ်ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၃ဝ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့ အထိ အ.ထ.က(၁) တွင် ကျင်းပမည်ဖြစ်ပြီး မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့မှ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမ ၁၁၉၇ ဦး ဆွေးနွေးပွဲ တက်ရောက်ကြသည်။ ဆွေးနွေးပွဲသို့တက်ရောက်ကြသည့် ဓါတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ သင်ကြားပို့ချနေသည့် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမများအား သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေးအတွက် အရည်အသွေးမြှင့်ဆွေးနွေးပို့ချခြင်းများကို မိတ္ထီလာတက္ကသိုလ်မှ ဆရာဆရာမ  ၅၉ ဦးက ဦးဆောင်ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ