၂၀၂၄ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် (ကျေးဇူးတော်ချီးမွမ်းပွဲ) ကျင်းပပြုလုပ်၊ ဧရာဝတီမြစ်ကမ်းဘေး အင်ဂျန်းခချောင်းဆုံနေရာတွင် အပန်းဖြေစခန်းနှင့် ကျောက်စီမြေထိန်းတမံ တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား နိုဝင်ဘာ ၃၀

ကချင်ပြည်နယ်အတွင်း ဆန်စပါးရိတ်သိမ်းပြီးချိန်တွင်  တစ်နှစ်တာအတွင်း တောင်သူတို့၏ လယ်ယာမှ ဦးစွာရရှိသော ကောက်ဦးစပါးပေါ်ချိန် အင်လုံအင်နန်ရှားပွဲဟု ခေါ်ဆိုသည့် ရိုးရာ ကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် (ကျေးဇူးတော်ချီးမွမ်းပွဲ) အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတောင်သူများ စုပေါင်းကာ နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ရိုးရာကောက်သစ်စားပွဲတော်ကို ဇိုင်းဝါးဝန်ပေါင်ဘင်ခရာအဖွဲ့မှ ဧည့်ကြိုတီးလုံး၊ ရိုးရာအကတို့ဖြင့် တီးမှုတ်ဖျော်ဖြေခြင်းနှင့်အတူ ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသား၊ တိုင်းရင်းသူလေးများက ဒေသတွင်း အဦးအဖျားရရှိသည့် ကောက်ဦးစပါး၊ လယ်ယာခြံထွက်သီးနှံများ ပါဝင်သည့် ကောက်ဦးပလိုင်းများ သယ်ဆောင်လာခဲ့ကြပြီး သိက္ခာတော်ရဆရာတော်များက ကောက်ဦးပလိုင်းများနှင့် ပွဲတော်အစပြုရန်အတွက် ဆုတောင်းဆက်ကပ်အပ်နှံပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ရိုးရာပွဲတော်များ စွာရှိသည့်အနက် ယခုလို ကောက်ဦးစပါးရိတ်သိမ်းပြီးချိန်တွင် ဦးဦးဖျားဖျားရရှိသည့် ကောက်ဦး၊ ကောက်သစ်ကို ယခုကဲ့သို့ ဒေသတွင်း တိုင်းရင်းသားပြည်သူများ၊ တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူတကွ စုပေါင်း၍ ပွဲတော်ကျင်းပခွင့်၊ ကျေးဇူးတော်ချီးမွမ်းခွင့်၊ အတူတကွ သုံးဆောင်ခွင့်ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ထို့အပြင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး ဆုတောင်းကြစေလိုကြောင်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက် သိက္ခာတော်ရဆရာတော်များနှင့် ကတ်သလစ်အသင်းတော်နှင့် အင်္ဂလီကန်ဘုန်းတော်ကြီးများ၊  ပွဲတော်တက်ရောက်လာကြသူများက ဝတ်ပြုဆုတောင်းခြင်းအစီအစဉ်အတွက် အဖွင့်ကျမ်းစာဖတ်ကြားခြင်းနှင့် ဆုတောင်းဆက်ကပ်အပ်နှံခြင်း၊ သံစုံဓမ္မသီချင်းသီဆိုကျူးဧခြင်း၊ ဂုဏ်တော်သီချင်းများ သီဆိုဆက်ကပ်ခြင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လယ်ယာခြံထွက်သီးနှံတစ်ခုချင်းတို့အတွက် ကောက်ပဲသီးနှံ ချီးမွမ်းတေးကဗျာရွတ်ဆိုခြင်း၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးဆုတောင်းဆက်ကပ်ပေးခြင်း ဓမ္မဒေသနာတော် ဟောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ကောက်ဦးပလိုင်းနှင့် အလှူငွေများကို တက်ရောက်လာကြသော ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များထံ လှူဒါန်းပေးအပ်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ကောက်ဦးပလိုင်း လက်ဆောင်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့ထံ ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကောက်ဦးပလိုင်းလက်ဆောင်များကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များထံလည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများထံသို့လည်းကောင်း တစ်ဦးချင်း ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကောက်သစ်စားပွဲတော် အစားအသောက်များအတွက် ဆုတောင်းဆက်ကပ်ခြင်းနှင့် ပွဲတော်အတွက် ကောင်းချီးတောင်းခံဆုတောင်းဆက်ကပ်ပေးကြပြီး ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို အဆုံးသတ်ကာ ရိုးရာကောက်သစ်စားပွဲတော်ကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းရင်းသား/ တိုင်းရင်းသူလေးများက ကချင်တိုင်းရင်းသားတို့၏ ကောက်သစ်စား ရိုးရာတေးသီချင်းသရုပ်ဖော် အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး တစ်နှစ်တာအတွင်း တောင်သူများ၏ လယ်/ ယာမှ ဦးစွာရရှိသည့် ဆန် (ကောက်သစ်)ကို နေ့လယ်စာအဖြစ် အတူတကွ ပျော်ရွှင်စွာ သုံးဆောင်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကောက်သစ်စားကျေးဇူးတော်ချီးမွမ်းပွဲတော်တွင် ဘင်ခရာတီးဝိုင်းများဖြင့်လည်းကောင်း၊ တိုင်းရင်းသားရိုးရာအကအလှအများဖြင့် လည်းကောင်း ပါဝင်တီးမှုတ်၊ ကပြသီဆိုဖျော်ဖြေခဲ့ကြသော အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအရှေ့ဘက် အင်ဂျန်းခချောင်းနှင့် ဧရာဝတီမြစ်ဆုံသည့်နေရာ၌ အင်ဂျန်းခချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ချောင်းဆုံနေရာတွင် ရေထိန်းတံခါးတည်ဆောက်နိုင်ရေး ချောင်းဧရိယာရှင်းလင်းခြင်း လုပ်ငန်းများကို စက်ယန္တရားကြီးအသုံးပြု၍ မြေညှိခြင်း၊ ချောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် အဆိုပါဧရိယာအတွင်း မြေဧရိယာ (၁၄) ဧကခန့်ပေါ်တွင် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်မည့် ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်း တည်ဆောက်နိုင်ရေး မြေညှိခြင်း၊ ကမ်းနားအဆင်းလမ်းဖောက်လုပ်ခြင်းနှင့် ကမ်းနားတစ်လျှောက် ဧရာဝတီမြစ်ရေကြီးမြင့်မှုမှကာကွယ်နိုင်ရေး ကျောက်စီရေထိန်းတမံ တည်ဆောက်မည့်နေရာအား မြစ်ကြောင်းဧရိယာသတ်မှတ်၍ ရှင်းလင်းရေးလုပ်ငန်းများအား အတူတကွ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)