လယ်ဝေး နိုဝင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ တောင်သူပညာပေးစံပြကွက်နှင့် အဆင့်မြင့်လယ်ယာမြေဧက(၂၀၀) ရှင်းလင်းဆောင်တွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာ ၄:၁ စိုက်ပျိုးမှု သရုပ်ပြပွဲနှင့် မဲခေါင်-လန်ချန်းစီမံကိန်းဖြင့် ဆောင်းပဲပုပ်မျိုးနှင့်သွင်းအားစုများပေးအပ်ပွဲကျင်းပသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ လယ်ဝေးမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၈၂၆)ရှိ တောင်သူ ဒေါ်သင်းသင်းခိုင်နှင့် တောင်သူနှစ်ဦးတို့၏ တောင်သူပညာပေးစံပြကွက် ၅ ဧကတွင် မတ်ပဲနှင့် နေကြာ ၄:၁ စိုက်ပျိုးသရုပ်ပြခြင်းများဆောင်ရွက်ရာ တက်ရောက်လာသူများက ကြည့်ရှုလေ့လာသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်းဆီထွက်သီးနှံပဲပုပ်စီမံကိန်းဖြင့် ဆောင်ရွက်မည့် ကျေးရွာအုပ်စုများဖြစ်သည့် ပျံချီ၊ ပြောင်ခေါင်းကြီး၊ အလယ်ကျွန်း၊ ပေါက်မြိုင်၊ ရှမ်းစု၊ ဝင်တဲကူး၊ သဲကောကြီးနှင့်မဒေါ့ပင်ကျေးရွာအုပ်စုများမှ စိုက်ဧက ၄၀ အား တစ်ဧကတစ်တင်းနှုန်းဖြင့် ပဲပုပ်မျိုးတင်း ၄၀ နှင့် သွင်းအားစုများပေးအပ်ခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆောင်းပဲပုပ်စိုက်ဧရိယာများတွင် အကျိုးတူစိုက်ပျိုး၍ ကြမ်းခင်းဈေးတစ်တင်းလျှင် ကျပ်ကိုးသောင်း နှုန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝေကြည်(ပြန်/ဆက်)