ပျဉ်းမနားမြို့နယ်၌  ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါ Yezin Super Rice-1 (YSR-1) စပါးမျိုးသစ်မိတ်ဆက်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်း သရုပ်ပြပွဲအခမ်းအနား ကျင်းပ

ပျဉ်းမနား  နိုဝင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊  မယ်ဇလီကုန်းကျေးရွာ ကွင်းအမှတ် ၁၆၆၃၊ ပြည့်စုံရတနာပုံ ကုမ္ပဏီလီမိတက်၏ Yezin Super Rice-1 (YSR-1) မိုးစပါးစိုက်ခင်း၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါ Yezin Super Rice-1 (YSR-1) စပါးမျိုးသစ်မိတ်ဆက်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် မြို့နယ်အတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက  အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေကြရာတွင် စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်မည်ဆိုပါက လယ်ယာကဏ္ဍဖွံဖြိုးတိုး တက်နိုင်မှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးတွင် ရည်မှုန်းချက်ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးအတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) ဟူသည့် နည်းလမ်းလေးရပ်ကို လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆောင်းသီးနှံနှင့် နွေသီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ရည်မှန်းချက်ပန်းတိုင်ထွက်ရှိရေးကို ထိထိရောက်ရောက် အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက ၂၀၂၄-၂၀၂၅ ခုနှစ်၊ Yezin Super Rice-1 (YSR-1) စပါးမျိုးသစ် မိတ်ဆက်ခြင်းနှင့်  စံကွက်ရိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံဌာနခွဲမှ ဒေါက်တာစန္ဒာမိုးက Yezin Super Rice-1 (YSR-1) စပါးမျိုးသစ်ထုတ်လှုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တောင်သူများအား ထောက်ပံ့သည့် ရွက်ဖြန်းဆေးနှင့် ပိုးသတ်ဆေးများအား တောင်သူများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မယ်ဇလီကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၆၆၃၊ ပြည့်စုံရတနာပုံကုမ္ပဏီလီမိတက်၏ Yezin Super Rice-1 (YSR-1) မိုးစပါးစိုက်ခင်းတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း၊ စပါးချိန်တွယ်ခြင်းများကို ကြည့်ရှုအားပေးကြရာ တစ်ဧကလျှင် စပါးအစိုထွက် ၁၂၀ တင်း၊ စပါးအခြောက်ထွက် ၁၁၄ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)