ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်နေပူခံ ကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဗုဒ္ဓပြတိုက်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှု

စစ်တွေ နိုဝင်ဘာ ၃၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဗုဒ္ဓပြတိုက်၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီး၊ ရေချမ်းများကပ်လှူပူဇော်ကြပြီး စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီးရင်ပြင်တော်၌ နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှရွှေနှင့် အင်ဂျင်နီယာအဖွဲ့များက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောက်ပြားခင်းခြင်း လုပ်ငန်းကိုစနစ်တကျသပ်ရပ်စွာဖြင့်ရေရှည် တည်တံ့ကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့် မိမိတို့ တတ်ကျွမ်းသည့်ပညာဖြင့် ကုသိုလ်ပြုခွင့်ရရှိသကဲ့သို့ စေတနာအပြည့်ဖြင့် ဆောင်ရွက်ကြရန်မှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ရင်ပြင်၌ ကျောက်ပြားခင်းရန်အတွက် မြေကြီးပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဗုဒ္ဓပြတိုက်၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။ စစ်တွေမြို့၊ ဗုဒ္ဓပြတိုက် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများက စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်းများကိုဆောင်ရွက်ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗုဒ္ဓပြတိုက်ခြံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကိုလှည့်လည်ကြည့်ရှုအားပေးကြပြီး ပြတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့် ဝန်ထမ်းများသည် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်းရေး ဆောင်ရွက်ခြင်းနှင့် ပြတိုက်အနီးပတ်ဝန်း ကျင်သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြစဉ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)