မိုင်းပျဉ်းမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကလေးများ ဉာဏစွမ်းရည်ပြိုင် ကျင်းပပြုလုပ်

မိုင်းပျဉ်း နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ မူကြိုကလေးများ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ‌ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဆရာမကြီးဒေါ်နန်းပင်းတစ်ပ်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း တာဝန်ခံဆရာမကြီး ဒေါ်လင်းလင်းအောင်က ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မူကြိုသားငယ်၊ သမီးငယ်လေးများက တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ကဗျာရွတ်ဆို၍ ယှဉ်ပြိုင်ကြရာ ဆုရရှိသော သားငယ်၊ သမီးငယ်လေးများအား တာဝန်ရှိသူအသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

 အဆိုပါ မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်း၏ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို‌ကျောင်းမှ ကလေးများဉာဏစွမ်းရည်ပြိုင်ပွဲသို့ မြို့နယ်ပညာရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျောင်းတာဝန်ခံဆရာမကြီးနှင့် ဆရာမများ၊ မူကြိုကလေးများနှင့် ကလေးမိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)