ကျောက်ဆည် နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေနှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းရေး စမ်းဝတီသဘာဝမြေဩဇာနှင့် ကွန်ပေါင်းမြေဩဇာသုံးစွဲနည်း အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွာလယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းဦးက စမ်းဝတီ မြေဩဇာတွင် စိုက်ပျိုးမြေဆီလွှာအတွက် လိုအပ်သော ဂျပ်ပဆမ်ကျောက်၊ လင်းနို့ချေး၊ တီကျစ်မြေဩဇာ၊ အရိုးမြေဩဇာနှင့် နွားချေး၊ ကြက်ချေး စသည့် တိရိစ္ဆာန်မျး၏ ဆွေးမြေ့ပစ္စည်းများနှင့် အပင်ဆွေးမြေ့ပစ္စည်းများဖြင့် စနစ်တကျပေါင်းစပ်ထုတ်လုပ်ထားပြီး မြေဆီလွှာများကို သီးနှံသက်တမ်းတစ်လျှောက် လိုအပ်သည့် အာဟာရဓာတ်များကို ပုံမှန်ထုတ်လုပ်ပေးနိုင်သော သယာဝမြေဩဇာ တစ်မျိုးဖြစ်ကြောင်းနှင့် မြေဩဇာအာနိသင် ထက်သန်ကောင်းမွန်စေရန်အတွက် အဏုဇီဝပိုးများ (EM) ကို ထည့်သွင်းအသုံးပြုထားသောကြောင့် မြေကိုကောင်းမွန်စွာပြုပြင်နိုင်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အကျိုးပြုစေရန် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စမ်းဝတီမြေဩဇာများ မဲဖောက်ပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စမ်းဝတီမြေဩဇာသည် စိုက်ပျိုးသီးနှံတစ်ပင်ချင်းမှ လိုအပ်သောအဟာဓာတ်များကို မျှတစွာရရှိသောကြောင့် အပင်များလျင်မြန်စွာအားပြည့်စေခြင်း၊ ဓာတ်ပြိုကွဲဆုံးရှုံးမှုမရှိခြင်း၊ မြေဆီလွှာတွင်ပါဝင်သော N,P,K,S..Organic Matter နှင့် အခြားဓာတ်ပေါင်းများမှာ သီးနှံသက်တမ်းတစ်လျောက် အာဟာရဖြည့်တင်းပြီးသည့်တိုင် နောက်သီးနှံများအတွက်ပါ ကောင်းမွန်ခြင်း၊ သဘာဝပစ္စည်းများဖြင့် ပြုလုပ်ထားသည့်အတွက် သုံးစွဲသည့်တောင်သူများအနေဖြင့် မြေဩဇာသုံးစွဲခြင်းအန္တရာယ်မှ ရာနှုန်းပြည့်ကင်းဝေးစေပြီး သီးနှံပင်များ ပိုမိုဖွံ့ဖြိုး၍ အထွက်တိုးစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)