(၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

ရန်ကုန် နိုဝင်ဘာ ၃၀

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စီအယ်လ်အမ်ဗွီ(CLMV)နှင့် အက်ခ်မက်(ACMECS)ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။

ယမန်နေ့နံနက်ပိုင်းတွင်()ကြိမ်မြောက် စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးကို ဆက်လက်ကျင်းပရာ အလှည့်ကျအိမ်ရှင်နှင့်အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးတွင် ဒေသတွင်းခရီးသွားလာရေးလွယ်ကူချောမွေ့စေရေးနှင့် ပြည်ဝင်လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစေရေး၊ ဒေသတွင်း ခရီးသွားနေရာများ ချိတ်ဆက်ဆောင်ရွက်ရေး၊ အလှမ်းဝေးသောခရီးသွားဈေးကွက်များမှ တိုက်ရိုက်လေကြောင်းခရီးစဉ်များတိုးချဲ့ပျံသန်းမှုများမြှင့်တင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ဒေသတွင်းခရီးသွားလုပ်ငန်းများကို ပြန်လည်အသက်ဝင်လာစေရန် အတူတကွပူးပေါင်း ဆောင်ရွက်ရေး၊ စီအယ်လ်အမ်ဗွီနိုင်ငံများသို့ မီဒီယာနှင့်ပုဂ္ဂလိကကဏ္ဍများအတွက် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ စီစဉ်ရေး၊ စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်း Website သို့မဟုတ် သတင်းအချက်အလက် ဒေတာဘေ့စ်များတည်ထောင်ရေး၊ နိုင်ငံတကာခရီးသွားပွဲများ ကျင်းပခြင်းနှင့် ပူးပေါင်းပြသခြင်းစသည့် ပူးတွဲခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းများ ဆောင်ရွက်ရေး၊ လူမှုရေးမီဒီယာ ပလက်ဖောင်းများမှတစ်ဆင့် ကုန်ကျစရိတ်သက်သာသော ပူးတွဲဒစ်ဂျစ်တယ်စျေးကွက် ရှာဖွေရေးနှင့် မြှင့်တင်ရေးကမ်ပိန်းများ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးအတည်ပြုကြသည်။
ထို့ပြင် စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် ၂၀၂၃-၂၀၂၅ အရ အဖွဲ့ဝင်နိုင်ငံများမှ ဒေသတွင်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးနှင့် ဗီဇာများဖြေလျှော့ ပေးရေး၊ ဒေသတွင်းခရီးသွားပြပွဲများကျင်းပပြုလုပ်မှုနှင့်အဖွဲ့ဝင်နိုင်ငံများမှ ပါဝင်ပြသမှုအခြေအနေ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ ဒေသတွင်းခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ၂၀၂၅-၂၀၂၆ အဖြစ် သက်တမ်းတိုးပြင်ဆင်မှုနှင့် ()ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးကိုဗီယက်နမ်နိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည့် အခြေအနေတို့ကို အတည်ပြုခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် ()ကြိမ်မြောက် စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပူးတွဲသတင်းထုတ်ပြန်ချက် ထုတ်ပြန်နိုင်ခဲ့မှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ရန်ကုန်မြို့အခြေစိုက်ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)