နေပြည်တော် နိုဝင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(မိုးစွေ)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းက ပြည်သူ့စစ်မှုထမ်း သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း တပ်ခွဲများအား လိုက်လံစစ်ဆေးသည်။
ထို့နောက် တပ်ခွဲမှူးက ဦးဆောင်၍ သင်တန်းဆင်းတပ်ခွဲ ကတိသစ္စာခံယူကြပြီး ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းတွင် စံပြတပ်သားဆုနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိကြသည့် သင်တန်းသားများအား တစ်ဦးချင်း ဆုများချီးမြှင့်ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
သင်တန်းဆင်းပွဲအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(မိုးစွေ) သင်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅/၂၀၂၄) မှ သင်တန်းသားများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းဆင်း ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရရပ်တည်မြဲမြန်စေရန်အတွက် စောင့်ထိန်းရမယ့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ်၊ ပြည်သူ့လုံခြုံရေးစနစ် စတင်ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်း ဆောင်ကြမည့် မျိုးဆက်သစ် လူငယ်ရဲဘော်များအားလုံးကို လေးစားဂုဏ်ယူပါကြောင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ပြည့်ဝသူများ၊ နိုင်ငံသားတိုင်း တာဝန်ကျွေပွန်သူများဖြစ်သည်ကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များကို လေ့ကျင့်သင်ကြားတတ်မြောက်ပြီးဖြစ်သည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် စွမ်းရည်၊ စွမ်းပကားပြည့်ဝသော နိုင်ငံ့သားကောင်းစစ်သည်များဖြစ်အောင် ဆက်လက်လေ့ကျင့်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက သင်တန်းသားများအား သင်တန်းဆင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က သင်တန်းသားများနှင့်အတူတကွ နံနက်စာသုံးဆောင်ကြပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)