လယ်ဝေး နိုဝင်ဘာ ၃၀
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် နိုဝင်ဘာ ၂၈ ရက်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နေပြည်တော်တိုင်းညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင့်၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမင်းဦးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လယ်ဝေးမြို့နယ်၊ သက္ကယ်ချင်းကျေးရွာနှင့် V4 လမ်း ဆက်သွယ်သည့်လမ်း၊ အရှည် ၀/၃.၃၃ မိုင်ကွန်ကရစ်လမ်းခင်းရန် အမာခံလမ်းပုခုံးခင်းသည့်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် Royal Concrete ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ရှားချောင်းကျေးရွာအဝင်လမ်းနှင့် ရွာလယ်လမ်းမကြီး၊ အရှည် ၀/၅ မိုင်ကွန်ကရစ်ခင်းရန်၊ အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး မှာကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)