စစ်တွေ နိုဝင်ဘာ ၃၀
သာသနိကအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့ပေါ်ရှိ ရှေးဟောင်းဘုရား၊ စေတီ၊ သိမ်များနှင့် အဆောက်အဦများမှာ နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိပြီး ယခုအချိန်တွင် ရှေးဟောင်းအဆောက်အဦများ၏ အချို့အစိတ်အပိုင်းပစ္စည်းများမှာ ဟောင်းနွမ်းပြီး ပျက်စီးနေသဖြင့် မူလလက်ရာပုံစံ၊ ရှေးခေတ်လက်ရာဟန်ပန်မပျက်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း၊ အချို့ရှေးဟောင်းဘုရား၊ စေတီ၊ သိမ်များနှင့် အဆောက်အဦများ၏ ကျန်ရှိနေသောအစဉ် အလာလက်ရာများအနက် ပျက်စီးသွားသော (သို့မဟုတ်) ပျောက်ဆုံးသွားသော အစိတ်အပိုင်းနေရာများတွင် ထပ်မံဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်နှင့် ထူးခြားသည့် ဝိသေသလက္ခဏာများ မကျန်ရအောင် ထည့်သွင်းဆောင်ရွက် ပြင်ဆင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆောက်အဦများမှာ ရှေးဟောင်းအဆောက်အဦများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေပါညွှန်ကြားချက်များနှင့် ထိရောက်စွာဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စစ်တွေမြို့ပေါ်တွင် ပြုပြင်ရမည့် အဆောက်အဦလုပ်ငန်း စုစုပေါင်း (၁၅)ခုကို ထိန်းသိမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြုပြင်ထိန်း သိမ်းရေးကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ကော်မတီဝင်များအနေဖြင့် ရှေးဟောင်း အဆောက်အဦများဖြစ်သည့်အတွက် သက်ဆိုင်ရာ ဆရာတော်ကြီးများ၏ ဩဝါဒလမ်းညွှန်ချက်များကို ခံယူ၍ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်သည့် အခါတွင်လည်း ရှေးဟောင်းအဆောက်အဦများဖြစ်သည့်အတွက် ရှေးမူမပျက်ဗိသုကာလက်ရာများကိုပြန်လည်လေ့လာ ပြီး ဆောင်ရွက်သွားကြရန်နှင့် ယခုအစည်းအဝေးတွင် မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လုပ်ငန်းအဖွဲ့များအလိုက် တာဝန်ယူဆောင်ရွက်ရမည့် အချက်များကိုလည်း ရှင်းလင်းဆွေးနွေးတင်ပြကြရန်ပြောကြားသည်။
ဆက်လက်၍ သာသနိကအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးများသို့သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဦးစီးဌာန၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် စာရွက်စာတမ်းများ လုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့၏ရုံးနှင့် ဝန်ထမ်းအိမ်ရာများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများ သက်သာရှောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေမှု၊ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးမှု၊ ဆန်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရုံးအတွင်းဝန်ထမ်းများက မိမိတို့၏ရုံးလုပ်ငန်းများအား လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထိုသို့သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ စစ်တွေမြို့တွင် ယာယီခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ဝန်ထမ်းများက မိမိတို့မြို့နယ်အလိုက်ရုံးများဖွင့်လှစ်၍ တာဝန်ဆောင်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)