ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ Grade-11 နှင့် Grade-12 သင် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာအဖြစ် သင်တန်းဆင်းပွဲနှင့် ကချင်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား နိုဝင်ဘာ ၃၀

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးက ကြီးမှူး၍ ပြည်နယ်အတွင်းရှိ Grade-11 နှင့် Grade-12 သင် ဆရာ၊ ဆရာမများအား ရက်သတ္တပတ်နှစ်ပတ်ကြာ ဖွင့်လှစ်ပေးခဲ့သော ဥပဒေအသိပညာပြန့်ပွားရေးဆရာအဖြစ် သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းနည်းပြများက သင်ကြားပေးခဲ့သည့် အတွေ့အကြုံများကို ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာမြင့်မားလာစေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကျောင်းသား/ ကျောင်းသူများအတွက် သိသင့်သိထိုက်သည့် ဥပဒေအသိပညာဗဟုသုတများကို သိရှိပြီး ဥပဒေကို လေးစားလိုက်နာကျင့်သုံးသည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်လာမည်ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက သင်တန်းဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့မှု အခြေအနေများနှင့် သင်တန်းကာလအတွင်း သင်ကြားခဲ့သော ဥပဒေပညာရပ်များအပေါ် အကဲဖြတ်ဆန်းစစ်ချက်နှင့် သင်တန်းဆင်းဆန်းစစ်ချက်များကို ပြုလုပ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းဆရာ၊ ဆရာမ (၇၇) ဦး တို့အတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီကလည်း နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေး ကချင်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့က ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နယ်စပ်ဒေသတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းစီမံကိန်းများကို အမှန်တကယ် အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းများဖြစ်စေရေးနှင့် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများဖြစ်စေရေး ကဏ္ဍအလိုက် ပထမ၊ ဒုတိယ ဦးစားပေးတွက်ချက်၍ ဘဏ္ဍာငွေလျာထား တင်ပြနိုင်ရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လမ်း၊ တံတား စသည့် လုပ်ငန်းစီမံကိန်းများအလိုက် လျာထားတင်ပြထားသည့် လုပ်ငန်းစီမံကိန်းများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)